ပါကစ္စတန်-အာဖဂန် နယ်စပ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၂၉ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။
တနင်္ဂနွေနေ့က ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက်တွင် ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့များက မြေပြင်နှင့် လေကြောင်းစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ အနည်းဆုံး “အကြမ်းဖက်သမား” ၂၉ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်က ထုတ်ပြန်သည်။
တစ်ဖက်တွင်လည်း အာဖဂန်တာလီဘန်အစိုးရက ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ နယ်စပ်ဒေသများတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အာတာအူလာ တာရာ (Attaullah Tarar) က တနင်္လာနေ့ အစောပိုင်းတွင် ၎င်း၏ လူမှုကွန်ရက် X စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ရာ၌ ပါကစ္စတန်တာလီဘန်အဖွဲ့၏ လက်ခွဲတစ်ခုဖြစ်သော ဂျာမတ်-အူလ်-အာရ်ဟ် (Jamaat-ul-Ahrar) အဖွဲ့နှင့် ဆက်နွှယ်သည့် တိုက်ခိုက်ရေးသမား ၄ ဦးကို မြေပြင်တိုက်ခိုက်မှုများအတွင်း သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
၎င်းအပြင် ပက်တီယာ (Paktia)၊ ပက်တီကာ (Paktika) နှင့် ကူနာ (Kunar) ဒေသရှိ ပစ်မှတ် ၃ ခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၂၅ ဦး သေဆုံးခဲ့ပြီး၊ “မြောက်မြားစွာသော လက်နက်ခဲယမ်းမီးကျောက်များ” ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ အာဖဂန်တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabiullah Mujahid) က တနင်္လာနေ့တွင် X စာမျက်နှာ၌ ရေးသားဖော်ပြချက်တွင် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ဒါဇင်နှင့်ချီ၍ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ယခုတိုက်ခိုက်မှုများသည် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ဒါဇင်ပေါင်းများစွာကို သေဆုံးဒဏ်ရာရစေခဲ့သည် ဟု ဆိုသည်။ ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ကျူးကျော်စော်ကားမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ယင်းလုပ်ရပ်ကို ရာဇဝတ်မှုနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်သည် ဟု ပြောကြားခဲ့သည်။
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး တာရာ၏ ပြောကြားချက်အရ ယခုစစ်ဆင်ရေးသည် “မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်အမြောက်အမြား” ကို တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် စနေနေ့က ကရာချိမြို့ရှိ ဆင်းဒ်ရိန်းဂျား (Sindh Rangers) တပ်ဖွဲ့ဝင်များ အခြေစိုက်ရာနေရာအား ဂျာမတ်-အူလ်-အာရ်ဟ် အဖွဲ့က ဗုံးခွဲ၍ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပါကစ္စတန် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အစ္စလာမာဘတ် (ပါကစ္စတန်အစိုးရ) က ကဘူးလ် (အာဖဂန်အစိုးရ) အား ပါကစ္စတန်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြံစည်နေသည့် အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲထားသော်လည်း၊ အာဖဂန်တာလီဘန်ဘက်က ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားပြီး အကြမ်းဖက်မှုသည် ပါကစ္စတန်၏ ပြည်တွင်းရေးပြဿနာသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။
Photo:AFP