ပါကစ္စတန်က အာဖဂန်ကို လေကြောင်း တိုက်ခိုက်မှု ပြန်လုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား လအတော်ကြာ ငြိမ်သက်နေခဲ့သည့် နယ်စပ်ဒေသ တင်းမာမှုများသည် ယခုအခါ ပြန်လည်ပေါက်ကွဲလာခဲ့ပြီ ဖြစ်သည်။
ပါကစ္စတန်လေတပ်က အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်အများအပြား အပါအဝင် ပြည်သူများ သေဆုံးမှုရှိခဲ့ကြောင်း အာဖဂန်တာလီဘန်အစိုးရက ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အာတာအူလာ တာရာ (Attaullah Tarar) ၏ ပြောကြားချက်အရ နယ်စပ်အနီးရှိ ပစ်မှတ် (၄) ခုကို တိကျစွာ ချိန်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သွေးကြွ ၂၆ ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း အာဖဂန်နစ္စတန် တာလီဘန်အစိုးရဘက်ကမူ အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်နယ် ၃ ခုတွင် ကလေးငယ်အများစု အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း တုံ့ပြန်ပြောဆိုထားသည်။
ယခုလေကြောင်းတိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံ ပက်ရှဝါ (Peshawar) မြို့အနီးတွင် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံသည် ပြီးခဲ့သည့်အောက်တိုဘာလက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားခဲ့ကြသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာဖဂန်တာလီဘန်တပ်ဖွဲ့ဝင်များက ပါကစ္စတန်စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပါကစ္စတန်ဘက်က ကဘူးလ် (Kabul) မြို့အပါအဝင် ပြည်နယ်အတော်များများကို ပြန်လည်ဗုံးကြဲခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ကဘူးလ်မြို့ရှိ “အိုမစ်” (Omid) မူးယစ်ဆေးဖြတ်ကုသရေး ဆေးရုံကြီးကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၂၆၉ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။