ပါကစ္စတန်က စစ်ကြေညာပြီး အာဖဂန်မြို့ကြီးများကိုတိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။ 

ပါကစ္စတန်အစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ မြို့ကြီးများဖြစ်သော ကဘူးလ် (Kabul) နှင့် ကန်ဒါဟာ (Kandahar) မြို့များကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) က မိမိတို့နိုင်ငံအပေါ် ကျူးကျော်စော်ကားလာမှုမှန်သမျှကို ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဟု ပြောကြားခဲ့ပြီး၊ ကာကွယ်ရေးဝန်ကြီးကလည်း အာဖဂန်တာလီဘန်များအား “ပွင့်လင်းစစ်” (Open War) ဆင်နွှဲရန် တရားဝင် ကြေညာလိုက်သည်။

ဤတင်းမာမှုသည် အာဖဂန်တာလီဘန်တို့၏ စစ်ဆင်ရေးတစ်ခုကြောင့် ပါကစ္စတန်စစ်သား နှစ်ဦး သေဆုံးခဲ့ရပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။  

ပါကစ္စတန်အစိုးရကို တိုက်ခိုက်နေသည့် စစ်သွေးကြွများသည် အာဖဂန်မြေပေါ်တွင် အခြေစိုက်သည်ဟုဆိုကာ ဒရုန်းများဖြင့်လည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

တာလီဘန်စစ်ဘက်ကမူ ၎င်းတို့အနေဖြင့် စစ်ကို အရင်စတင်မည်မဟုတ်သော်လည်း တိုက်ခိုက်ခံရပါက လက်စားချေ တုံ့ပြန်သွားမည်ဟု BBC သတင်းဌာနသို့ ဖြေကြားထားသည်။