တရုတ် ဗိုလ်ချုပ်ကြီးများနှင့် ထိပ်တန်း ခေါင်းဆောင်များ ရာထူးမှ ထုတ်ပယ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။
တရုတ်နိုင်ငံသည် နိုင်ငံ၏ အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်သော အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress) မှ စစ်ဘက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊ ဘဏ္ဍာရေးထိန်းချုပ်မှုအဖွဲ့ အကြီးအကဲဟောင်း လီယွန်ကျီ (Li Yunze) နှင့် မကြာသေးမီက စုံစမ်းစစ်ဆေးခြင်းခံထားရသည့် ပေါ်လစ်ဗျူရို (Politburo) အဖွဲ့ဝင် မာရှင်းရွီ (Ma Xingrui) တို့ကို ၎င်းတို့၏ ရာထူးနေရာများမှ ထုတ်ပယ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ယခုထုတ်ပယ်မှုနှင့် ပတ်သက်၍ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ အသိပေးချက်တွင် တရားဝင်အကြောင်းပြချက် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိသလို၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။
ယခုကဲ့သို့ ထိပ်တန်းအရာရှိကြီးများအား ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် သမ္မတ ရှီကျင့်ဖျင် (Xi Jinping) စတင်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု (Anti-corruption Campaign) ၏ နောက်ဆုံးအခြေအနေဖြစ်ပြီး၊ ယင်းလှုပ်ရှားမှုအတွင်း အဆင့်မြင့်အရာရှိများနှင့် ထိပ်တန်းဗိုလ်ချုပ်ကြီး အမြောက်အမြား စုံစမ်းစစ်ဆေးခံရခြင်း၊ ရာထူးမှ ဖယ်ရှားခံရခြင်းနှင့် ပါတီမှ ထုတ်ပယ်ခြင်း (Purged) တို့ကို ကြုံတွေ့ခဲ့ကြရသည်။
ထုတ်ပယ်ခံရသည့် စစ်ဘက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်ကြီး ရွှီရွှယ်ချန်း (Xu Xueqiang) လည်း ပါဝင်သည်။
၎င်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွက် စစ်လက်နက်ပစ္စည်းများ တီထွင်ခြင်း၊ ဝယ်ယူခြင်းနှင့် စမ်းသပ်ခြင်းတို့ကို ကြီးကြပ်ကွပ်ကဲရသည့် ဗဟိုစစ်ကော်မရှင် (Central Military Commission) ၏ စစ်လက်နက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် ၎င်းသည် ၂၀၂၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ် (Manned Space Programme) တွင်လည်း စစ်သေနာပတိချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ယင်းအပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အနောက်ဘက်စစ်ဒေသကွပ်ကဲမှုဌာနတွင် နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး လီဖန်းဗျောင် (Li Fengbiao) နှင့် လေတပ်၏ နိုင်ငံရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီး ကော်ဖူရှောင်း (Guo Puxiao) တို့လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ထို့အတူ အရှေ့ဘက်စစ်ဒေသကွပ်ကဲမှုဌာနမှ ဝမ်ခန်ဖင် (Wang Kangping)၊ ဆိုင်ဘာစစ်ဆင်ရေးတပ်ဖွဲ့မှ ကျန်းမင်ဟွာ (Zhang Minghua) နှင့် ကြည်းတပ်မှ ရင်ဟုန်ရှင်း (Yin Hongxing) တို့လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။