တရုတ်တွင် အသစ်ပြဌာန်းသော ဥပဒေကြောင့် တိုင်းရင်းသား ဘာသာများ ပျောက်ကွယ်မည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်။
တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress) က အတည်ပြုလိုက်သည့် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုးတက်ရေးမြှင့်တင်မှုဥပဒေ” သည် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ပေကျင်းအစိုးရကမူ ၎င်းတို့၏ မူဝါဒကို ခုခံကာကွယ်ပြောကြားခဲ့သည်။
ယခင်က တိဗက်၊ ဝီဂါ နဲ့ မွန်ဂိုလီးယား စသည့် လူမျိုးစု ဒေသများတွင် ကျောင်းသားများသည် မိခင်ဘာသာစကားနဲ့ သင်ရိုးညွှန်းတမ်း (ဥပမာ- သင်္ချာ၊ သိပ္ပံ) စသည်တို့ကို လေ့လာခွင့် ရှိခဲ့သည်။ သို့ရာတွင် ဥပဒေသစ်အရ ဘာသာရပ်အားလုံးကို မန်ဒရင်း (Mandarin) ဘာသာစကားတစ်ခုတည်းနှင့်သာ သင်ကြားရတော့မည်ဖြစ်သည်။
တရုတ်နိုင်ငံတွင် တိဗက်၊ ဝီဂါ၊ မွန်ဂိုလီးယား၊ ကချင် Jingpo (ကျင်ဖော)၊ ရှမ်း Dai (ဒိုင်)၊ ဝ Wa၊ ပလောင် (Blang)၊ လီဆူ (Lisu)၊ လားဟူ (Lahu)၊ အခါ (Hani) တို့ အပါအဝင် တရားဝင် သတ်မှတ်ထားသော လူမျိုးစု ၅၆ စု ရှိသည်။
ပညာရှင်များက ယခုဥပဒေသည် တိုင်းရင်းသားလူနည်းစုများ၏ ကိုယ်ပိုင်ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ပျောက်ကွယ်သွားစေရန် ရည်ရွယ်သည့် မူဝါဒဖြစ်ကြောင်း ထောက်ပြကြသည်ဟု BBC ကမ္ဘာတဝှမ်း အစီအစဉ် (BBC World Service) တွင် ဖော်ပြထားသည်။
အမေရိကန် အခြေစိုက် Cornell တက္ကသိုလ်မှ ပါမောက္ခ Magnus Fiskesjö က “ယခုဥပဒေသည် ၁၉၄၉ ခုနှစ်ကတည်းက တရားဝင်အသိအမှတ်ပြုခဲ့သည့် လူမျိုးရေးကွဲပြားမှုကို နှိမ်နင်းရန် ကြိုးပမ်းခြင်းဖြစ်ပြီး၊ နောက်မျိုးဆက် ကလေးငယ်များသည် ၎င်းတို့၏ မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှုကို မေ့ပျောက်သွားစေရန် ရက်စက်စွာ အတင်းအကျပ် ခိုင်းစေခံနေရခြင်းဖြစ်သည်” ဟု ဝေဖန်ခဲ့သည်။
တရုတ်အစိုးရ၏ အသုံးအနှုန်းများသည် တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုများကို ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသည့် “နောက်ကျကျန်နေသည့်အရာများ” ဟု ရှုမြင်နေပုံ ရသည်ဟု စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Ian Chong က သုံးသပ်ထားသည်။
တိဘက်၊ ရှင်ကျန်းနှင့် အတွင်းမွန်ဂိုလီးယားဒေသများတွင် အတင်းအဓမ္မ ပေါင်းစည်းရေး မူဝါဒများအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
ဝေဖန်မှုများရှိနေသော်လည်း ပေကျင်းအစိုးရကမူ ယခုဥပဒေသည် “စည်းလုံးမှုမှတစ်ဆင့် ခေတ်မီအောင်ပြုလုပ်ခြင်း” အတွက် အခြေခံကျသည်ဟု ပြောဆိုထားသည်။
လူနည်းစု ကလေးငယ်များကို မန်ဒရင်းဘာသာစကား (Mandarin) သင်ကြားပေးခြင်းသည် ၎င်းတို့၏ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းများကို အမှန်တကယ် အထောက်အကူပြုစေမည်ဟု တရုတ် အစိုးရဘက်က ပြောသည်။
တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့အနေဖြင့် လူမျိုးစုအားလုံးကို လက်ခံကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူမျိုးစုတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ပြောဆိုထားသည်။