မြန်မာ ငလျင်ဘေးအတွက် ထိုင်းက ဘတ် ၁၅ သန်းနီးပါး ထပ်မံ လှူဒါန်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။ 

မြန်မာပြည်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်အတွက် ထောက်ပံ့ငွေ ဘတ် ၁၅ သန်း နီးပါးကို အာဆီယံက တဆင့် ထပ်မံ လှူဒါန်းခဲ့သည်။ 

အာဆီယံ ရုံးစိုက်ထားသည့် အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေသော ထိုင်း နိုင်ငံခြားရေး ဝန်ကြီး အသစ် မစ္စတာ Sihasak Phuangketkeow က အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး စင်တာ (AHA Center) သို့ လူကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ 

အလှူငွေများအား ငလျင်ဒဏ် သင့်ခဲ့တဲ့သူများထံ အရောက်ပေးပို့ ကူညီပေးမည်ဟု AHA Center အကြီးအကဲက ပြောခဲ့ကြောင်းလည်း ထိုင်းနိုင်ငံက သတင်းထုတ်ပြန်ထားသည်။ 

ထိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပေးရန် နိုင်ငံတကာနှင့် လက်တွဲ လုပ်ဆောင်သွားလိုသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအသစ်က ပြောသည်။ 

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည် ပြင်းအား ၇.၇ မဂ္ဂနီကျုရှိ စစ်ကိုင်း ငလျင်ကြောင့် ပျက်စီးဆုံး ရှုံးမှုများ များခဲ့ပြီး ငလျင်ဒဏ်ခံရသည့် ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အများအပြား လိုအပ်နေဆဲ ဖြစ်သည်။