ကရင်နီ ဒေသခံများ အသက်စွန့်က စပါးရိတ်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
ကရင်နီပြည်၊ ဒီးမောဆိုနှင့် ဖရူဆိုမြို့နယ်တို့ရှိ ဒေသခံတောင်သူများသည် စစ်ကော်မရှင်တပ်၏ ဒရုန်းဗုံးနှင့် လက် နက်ကြီးရန်များ ကြားမှ ရိတ်သိမ်းချိန် မကျော်လွန်စေရန် အတွက် စပါးခင်းများသို့ အသက်စွန့်၍ သွားလာ လုပ်ကိုင်နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် တာဝန်ရှိသူများက ပြောသည်။
ဒေသခံတောင်သူများသည် စစ်ကော်မရှင်တပ် ထိုးစစ်အနီးတစ်ဝိုက်ရှိ စပါးခင်းများ ကျန်ရှိနေသေးသည့်အတွက်၊ စစ်ကော်မရှင်၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။
ဖရူဆိုမြို့နှင့် ဒီးမောဆိုမြို့ကို ဆက်သွယ်ထားသော ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်နှင့် ဒီးမော့ဆို အနောက်ခြမ်းရှိ ကျေးရွာ ၅ ခုခန့်မှ လယ်ဧက ၂၀၀ နီးပါး သည် ရိတ်သိမ်းရန် ကျန်ရှိနေသေးသည်ဟု ဒေသခံများ က ပြောသည်။
ဖရူဆိုဒေသခံ အမျိုးသားတောင်သူတစ်ဦးက ၎င်းတို့ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ “တစ်ချို့ ကတော့ သွားသိမ်းတယ်ပေါ့ မဖြစ်မနေ သိမ်းရမယ့်ဟာမျိုးတွေလည်းရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ စားဝတ်နေရေးက အဆင်မပြေဘူးဆိုတော့ မဖြစ်မနေ သွားသိမ်းတဲ့ဟာမျိုးတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် အခြေနေတွေတော့ကြည့်ရတာပေါ့ ဒရုန်းလာရင် ထွက်ပြေးရမှာပေါ့” ဟု ပြောသည်။
အဆိုပါ ဒေသခံတောင်သူ၏ အဆိုအရ စစ်ကော်မရှင်တပ်၏ ဒရုန်းများသည် နှစ်လခန့်က စတင်၍ လူစုလူဝေး ကို ဦးတည် ဗုံးချတိုက်ခိုက်နေပြီး၊ လူများသောနေရာ၊ လယ်ခင်း၊ စပါးခင်း၊ မြေပဲခင်း စသည့် နေရာများကို ကင်းထောက်၍ သော်လည်းကောင်း၊ ကင်းမထောက်ဘဲနှင့် သော်လည်းကောင်း လာရောက်တိုက်ခိုက်လေ့ ရှိသည်။
ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ အောက်တိုဘာလ နောက်ဆုံးပတ်အထိ စစ်ကော်မရှင်တပ်၏ ဒရုန်း တိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်မှ ဒေသခံတောင်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံး၊ ထိခိုက်မှုများမှာ စပါးရိတ်သိမ်းနေသည့် လုပ်ငန်းခွင်များသို့ စစ်ကော်မရှင်မှ ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း KNDF က နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
အောက်တိုဘာလအတွင်း ဖရူဆိုမြို့နယ်တွင် အမျိုးသမီးတစ်ဦး သေဆုံးကာ၊ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင်လည်း ဒေသခံရွာသားတစ်ဦး သေဆုံးပြီး သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စပါးခြွေစက်နှင့် စပါးအချို့ ထိခိုက်ပျက်စီးခဲ့မှုများလည်း ရှိခဲ့သည်။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က “စပါးရိတ်တဲ့ လူထုတွေကို ဒရုန်းနဲ့ ကြဲချနေတာ တော့ရှိတယ်။ ဖရူဆိုမြို့နယ်ပေါ့နော်၊ ဒီးမော့ဆိုကတော့ ၁၀၂ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာတော့ရှိတယ်။ ဒရုန်းနဲ့ လာချတာတွေတော့ရှိတယ်” ဟု ပြောသည်။
စပါးရိတ်သိမ်းကာလအတွင်း တော်လှန်ရေးတပ်ပေါင်းစုများဘက်မှ စစ်ရေးဖော်ဆောင်မှုကို ခေတ္တရပ်နားထား သော်လည်း စစ်ကော်မရှင်ဘက်မှ လူထုများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက် ပြောသည်။
ဗိုလ်မှူးကြီး ဘုန်းနိုင်က “တိုက်ပွဲမရှိဘူး ခြောက်လှန့်ပြီးတော့ ပစ်တယ်လေ။ လူထုတွေ အလုပ်မလုပ်နိုင်အောင် ငတ်အောင်လေ” ဟု ပြောသည်။
ဒေသခံများ အနေဖြင့် လက်ရှိ ရိတ်သိမ်းနိုင်ခြင်းမရှိသည့် စပါးများ ပျက်စီးဆုံးရှုံးသွားပါက နောင်နှစ်အတွက် စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့လာနိုင်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ကရင်နီပြည်၌ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံမြို့နယ်များတွင် စစ်ကော်မရှင်တပ် မှ စစ်မျက်နှာ ၅ ခု ဖွင့်ကာ ထိုးစစ်ဆင်နေမှုများရှိနေကြောင်း KNDF က အောက်တိုဘာ ၁၈ ရက်နေ့တွင် ထုတ် ပြန်ခဲ့သည်။
ဒေသခံပြည်သူများအား စစ်ရေး အသိသတိ၊ လုံခြုံရေး သတိထားရန် ဗိုလ်မှူးကြီး ဘုန်းနိုင်ကလည်း အကြံပြု ထားသည်။