ရခိုင်ပြည် မြို့နယ် သုံးခုတွင် စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၆ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။
ရခိုင်ပြည်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်က လေကြောင်း မှ ဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့သည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲမရှိသည့် မြို့နယ်များ ဖြစ်သော ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့နယ် တို့ ကို ယမန်နေ့ အောက်တိုဘာ ၃၀ ရက် တစ်ရက်တည်း၌ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။
လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ သည် ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်သည် ရခိုင်ဒေသခံများ နေထိုင်ရာ မြို့နယ်များကို လေကြောင်း၊ လက် နက်ကြီး အပြင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်ရက်ဆက် ပြုလုပ်လာသဖြင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှု မှာ နေ့စဉ်နှင့်အမျှ တိုးလာနေသည်။
အဆိုးရွားဆုံးဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာ ၌ ဖြစ်ပွားခဲ့ပြီး၊ အရပ်သား ၅ ဦး သေဆုံးခဲ့သည်။
အောက်တိုဘာလ ၃၀ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ပြင်းထန်ဒဏ်ရာ များ ရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုခဲ့သည်။
စစ်ကော်မရှင်တပ်သည် ဇင်ချောင်းကျေးရွာသို့ ပေါင် ၅၀၀ ဗုံး ၂ လုံးကို ဆက်တိုက်ကြဲချခဲ့သည် ဟု ဒေသခံ တစ်ဦးက ပြောသည်။
အကြမ်းဖက် လေတပ်၏ တိုက်ခိုက်မှုကြောင့် ကုန်ဘွေကျေးရွာမှ နေအိမ် ၆ ဆောင် အပါအဝင်၊ ဆိုင်ကယ်၊ ကားနှင့် လူ့အသုံးအဆောင်ပစ္စည်းများလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထိုနေ့ နံနက် ၉ နာရီကျော်တွင် ရသေ့တောင်မြို့နယ်ထဲက အောက်ဇီးကိုင်းကျေးရွာ ကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံး ခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ရသေ့တောင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက “လေယာဉ်သံကြားတာနဲ့ အသက်ရှူရပ်မလို ခံစားရတယ်။ ကျနော်တို့ဟာ ဘယ်နေရာရောက်ရောက် လုံခြုံမှုမရှိဘူးဆိုတာကို နေ့တိုင်းလိုလို ခံစားနေရတယ်။ ကလေးတွေနဲ့ မိသားစုဝင်တွေအတွက် အသက်ရှင်သန်ဖို့ကပဲ အဓိကပေါ့နော်” ဟု ၎င်း၏ ခံစားချက်ကို ပြောသည်။
ထို့အပြင် နေ့လည် ၃ နာရီဝန်းကျင်ခန့်၌ ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးထက်မနည်း ကြဲချ တိုက် ခိုက်ခဲ့သဖြင့် အဆောက်အဦများ ပျက်စီးခဲ့သည်ဟု ဆိုသည်။
အလားတူ အောက်တိုဘာက ၂၉ ရက်နေ့ ကလည်း ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာ ကို စစ်ကော်မရှင် ရေတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကော်မရှင်တပ်သည် တိုက်ပွဲမရှိသည့် အရပ်သားနေထိုင်ရာ အဆောက်အအုံများကို စစ်ရေးပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုကို အရှိန်မြင့် လုပ်ဆောင်လာခြင်းကြောင့် ဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားနေရသည်။
စစ်ရေးလေ့လာသုံးသပ်သူတစ်ဦး က “လက်ရှိမှာ မြန်မာစစ်တပ်က မြေပြင်မှာ အသာစီးမရတဲ့အတွက် လေ ကြောင်းကို အာရုံစိုက်ပြီး အပြစ်မဲ့ ပြည်သူတွေ အပေါ် တမင်တကာ ဖိအားပေးလာတာကို တွေ့ရတယ်။ ဒါဟာ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ရည်ရွယ်တဲ့ စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး ရှေ့ဆက်ပြီး တော့ လည်း ဒီလို ထိုးစစ်မျိုးတွေ ပိုမို အရှိန်မြင့်လာနိုင်တဲ့အတွက် ဒေသခံတွေ အထူး စစ်ရေးသတိရှိဖို့ လိုအပ်ပါ တယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိ၌ စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ် အစပ်နေရာများတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးတင်းမာမှု၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ နေ့စဉ်ရှိနေသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိ စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးသူ ၉၇၀ ဦး၊ ဒဏ်ရာရသူ ၂,၀၅၄ ဦး ရှိကြောင်း ULA ၏ လူသားချင်စာနာထောက်ထားရေးရုံး (HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။