ကရင်နီ စစ်ရှောင်များအတွင်း စိတ်ဖိစီးမှုကြောင့် မိသားစုပဋိပက္ခများ မြင့်တက်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။ 

ကရင်နီ (ကယား) ပြည်ထဲက စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာရှားပါးမှုနှင့် စိတ်ဖိစီးမှုများကြောင့် မိသားစုတွင်း ပဋိပက္ခ များ မြင့်တက်လာနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် ကရင်နီ စစ်ရှောင်ပြည်သူများသည် ရေရှည်တည်တံ့ရေး အခက်အခဲများ၊ စားနပ်ရိက္ခာရှားပါးမှုများ အပြင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် အိမ်တွင်းပဋိပက္ခများကို စတင်ရင်ဆိုင်နေရကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ဖော် ပြောဆိုလိုက်သည်။

KnHRG ၏ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ၊ စစ်ရှောင်ကာလကြာမြင့်လာခြင်း၊ အောက်တိုဘာလ အတွင်း တိုက်ပွဲများ ထပ်မံပြင်းထန်လာခြင်းတို့ကြောင့် လက်ရှိတွင် အရေးပေါ် စားနပ်ရိက္ခာနှင့် နေထိုင်ရန် အမိုးအကာ လိုအပ်ချက်မှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေသည်။

နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ စ၍ စစ်ရှောင်နေရသူများမှာ အခြေခံစားနပ်ရိက္ခာပင် မလုံလောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင်မရှိခြင်း၊ အလှူရှင်အဖွဲ့အစည်းများ၏ အကူအညီ ပေးနိုင်မှု အားနည်းလာခြင်း တို့ကြောင့် ရေရှည်ရပ်တည်ရန် ပိုမိုခက်ခဲလာနေသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် ၅ နှစ်ဝန်းကျင်ခန့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးတစ်ဦးက တစ်ခါ တစ်လေ စားစရာ ဆန်မရှိတဲ့ အချိန်ဆို အရမ်း စိတ်ပင်ပန်းတယ်ပေါ့နော်။ ကိုယ့်မှာ သားသမီးတွေရှိတော့ သား သမီးတွေ စားဝတ်နေရေး ငတ်ပြတ်မှာ အဒေါ် အရမ်း စိုးရိမ်တာပေါ့။ စိတ်ဆို ရူးချင်တဲ့စိတ် အထိတောင် ဖြစ် လာတယ်ပေါ့နော် ဟု ၎င်း၏ ဖိစီးမှုကို ဖွင့်ဟပြောဆိုသည်။

ဝင်ငွေမရှိခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် မိဘများအနေဖြင့် သားသမီးများအား အာဟာရ ပြည့်ဝစွာ မကျွေးနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ထိုအမျိုးသမီးက ဆက် ပြောသည်။

ဝင်ငွေက မရှိတော့ ကလေး အာဟာရဆို တစ်ခါတစ်လေ ကိုယ့်သားသမီးဆို ကိုယ့်ကို ဘယ်လိုတောင်းဆိုလဲဆို ကြက်ဥတို့ ဘာတို့ ဝယ်ကျွေးပါဆို ကိုယ်က မတတ်နိုင်ဘူးလေးနော်။ တစ်ခါတစ်လေဆို ရေလုံပြုတ်လေးနဲ့ ဟင်းရည်လေးနဲ့ စားရရင်တောင်မှ ကံကောင်းပေါ့လို့ ကိုယ့်ကလေးကို ဒီလိုပဲ ချော့မော့ပေးရတယ်ပေါ့နော်။ အာဟာရနဲ့ ပတ်သက်လို့ရှိရင် ကလေးတွေက ပြည့်စုံအောင်တော့ မစားရတာတော့ အမှန်ပဲပေါ့ ဟု ၎င်းက ရင်ဖွင့်သည်။

ကရင်နီပြည် အတွင်း စစ်ကော်မရှင်၏ စစ်ကြောင်းထိုးမှုနှင့် ပိတ်ဆို့မှုများကြောင့် ကုန်စိမ်းရှားပါးလာခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ခံရခြင်းတို့ကြောင့် ကုန်ဈေးနှုန်းမှာ တစ်လထက်တစ်လ ပိုမိုမြင့်တက်လာနေ သည်ဟု KnHRG က ဆိုသည်။

ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ဝင်ငွေရလမ်း ရပ်တန့်ခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ မလုံ လောက်တော့ဘဲ၊ ရှေ့ဆက်တွင် အငတ်ဘေး ကြုံတွေ့လာနိုင်သည်ဟု KnHRG က သတိပေးထားသည်။ 

ထို့အပြင် စားဝတ်နေရေး အဆင်မပြေမှုသည် အိမ်တွင်း ဆက်ဆံရေးကိုပါ ထိခိုက်စေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

တစ်လေးလုံး စစ်ဆင်ရေးတိုက်ပွဲကြောင့် လွိုင်ကော်မြို့မှ စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက အမိုးရေ ဒီမျိုး မုန့်စားချင်တယ် ဒီမျိုးစားချင်တယ်ပြောရင် ကိုယ်က အရင်လိုမျိုး အဆင်မပြေ။ ကလေးတွေကို အော် မိတာပေါ့။ သူတို့စားချင်တဲ့ဟာ မကျွေးနိုင်တော့ စိတ်တိုပြီးတော့ ကလေးကို အော်မိတယ်။ မိသားစုတွေနဲ့ အိမ်ထောင်ရေးလည်း စကားများရန်ဖြစ် စားဝတ်နေရေး အဆင်မပြေတဲ့ အခါကြတော့လေ။ ငွေရေးကြေးရေး နဲ့ စကားပြောရင်းနဲ့ စကားများ တစ်ယောက်နဲ့ တစ်ယောက် ပြန်အော်ကြတာပေါ့ အဲ့လိုမျိုး ဟု ပြောသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ ယခုလ နိုဝင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်မှာ ကရင်နီပြည် တစ်ခုလုံး၌ လူဦးရေ သုံးသိန်းဝန်းကျင်ရှိသည့်အနက် ပြည်သူ နှစ်သိန်းကျော် (၂၀၀,၀၀၀ ကျော်) မှာ စစ်ရှောင်နေရကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်တွင်းရှိ စစ်ဘေးရှောင် နှစ်သိန်းကျော်ကို အကူအညီပေးနိုင်ရန်အတွက် အရေးပေါ်လိုအပ်နေသည်ဟုဆိုသည်။

ထို့ကြောင့် အဆိုပါ စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ ရရှိရေး နိုင်ငံတကာအသိုင်းအဝိုင်း ထံမှ ငွေကြေးနှင့် အရင်းအမြစ်များ ဆက်လက်ရရှိရန် KnHRG က တောင်းဆိုထားသည်။

ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် (ပုံဟောင်း)