သူခိုးကြီးည ကြက်ခိုးသူ PPP ပါတီ အမတ်လောင်း၏ ရိုက်သတ်ခြင်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။ ၏

ပြည်သူ့ ရှေ့ဆောင်ပါတီ PPP အမတ်လောင်းနှင့် သားဖြစ်သူ၏ ရိုက်နှက်မှုကြောင့် ‘သူခိုးကြီးည’ အပျော်သဘောမှ လူသတ်မှုတစ်ခု ဖြစ်ခဲ့သည်။

ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မြန်မာ့ရိုးရာ ‘သူခိုးကြီးည’ အပျော်သဘောကနေ လူသတ်မှုအဖြစ် ပြောင်းလဲသွားသည့် ရာဇဝတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ အမတ်လောင်းတစ်ဦး ပါဝင်ပတ်သက်ခဲ့သည့်အတွက် ဒေသခံလူထုကြားတွင် ဝေဖန်မှုများ မြင့်တက်နေသည်။

နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၂ နာရီခွဲခန့်က အေးသာယာမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၁) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရပ်ကွက်တွင် နေထိုင်သည့် လော်တာ (ခေါ်) စိုင်းထွန်းဆာ ဆိုသူသည် PPP ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းရွှေထီး၏ ခြံဝင်းအတွင်း ဝင်ရောက်ကာ ကြက်တစ်ကောင် ခိုးယူခဲ့ရာမှ အမတ်လောင်းနှင့် ၎င်း၏သားဖြစ်သူ စိုင်းကျော်စိုးမိုး တို့၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ရိုက်နှက်မှုကြောင့် စိုင်းထွန်းဆာသည် နေအိမ်ရှေ့ ကွန်ကရစ်ခင်းထားသည့် ရေမြောင်းပေါ်တွင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း မျက်မြင်ဒေသခံအချို့က ဆိုသည်။ 

အဆိုပါဖြစ်စဉ်သည် မြန်မာ့ရိုးရာဓလေ့အရ တန်ဆောင်မုန်းလပြည့်ညတွင် အပျော်သဘော ခိုးယူခြင်းသာဖြစ်ပြီး သေဆုံးသူနှင့် အမတ်လောင်းတို့မှာ အပြင်တွင် သိကျွမ်းရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟု နီးစပ်သူများက ပြောသည်။ 

အေးသာယာမြို့နယ်အတွင်း PPP ပါတီနှင့် နီးစပ်သူ တစ်ဦးက အပျော်သဘောနဲ့ ကြက်ဝင်ခိုးတာပါ။ ကြက်က လည်း တစ်ကောင်တည်းပါ။ စီးပွားဖြစ်ခိုးတာလည်း မဟုတ်ပါဘူး။ ခိုးတဲ့သူနဲ့လည်း အပြင်မှာ သိနေခင်နေတဲ့ ဆက်ဆံရေးမျိုးပါ။ ဘာကြောင့်မို့ သေတဲ့အထိ ရိုက်လဲဆိုတာတော့ မပြောတတ်ပါဘူး ဟု ရှင်းပြသည်။

PPP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် စိုင်းရွှေထီး၏ ရာဇဝတ်မှု ကျူးလွန်ပုံအပေါ် ဒေသခံများက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိပြီး၊ ၎င်း၏ ကိုယ်ကျင့်တရားနှင့် ဒေါသထိန်းသိမ်းနိုင်မှု အပေါ် မေးခွန်းထုတ်နေကြသည်။

အေးသာယာမြို့၊ ရပ်ကွက် ၁ အတွင်း နေထိုင်သည့် အမျိုးသား တစ်ဦးကလည်း အပျော်တမ်းခိုးတာကို ဒီလောက် လုပ်စရာ မလိုဘူး ထင်တာပဲ။ ခေါင်းဆောင် ဖြစ်လာရင်တော့ ဒေါသထိန်းရမှာပဲ။ အာဏာ မရသေး တာတောင် ဒီလောက်သောင်းကျန်းနေတာ။ အာဏာသာရရင် မတွေးရဲစရာပဲ။ ရပ်ကွက်ထဲမှာတော့ PPP ပါတီ မဲမပေးရဲတော့ဘူး ပြောနေကြတယ် ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးကို အေးသာယာမြို့၊ နယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး (ပ) အမှတ် ၇၁၊ ၂၀၂၅၊ ပုဒ်မ ၃၀၂ (လူသတ်မှု)/ ၁၁၄ (ပူးပေါင်းပါဝင်မှု) ဖြင့် အမှုဖွင့်ထားကာ ဆက်လက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။