ပေါက်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် အရပ်သား ၁၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုနှင့် ကျေးရွာများအား မီးရှို့မှုများ ကြောင့် အရပ်သား ၁၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ်၏ ထိုးစစ်များကြောင့် ဒေသခံပြည်သူ ၁၂,၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) လူသားချင်းစာနာဌာနက နိုဝင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ ဆိပ်ဖြူအခြေစိုက် ကပစ (၂၂) လက်နက်စက်ရုံမှ စစ်သား ၅၀၀ နီးပါးသည် ပျူစောထီးများနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ပေါက်မြို့နယ်အတွင်း ထိုးစစ်ဆင်ခဲ့သည်။ 

အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာမှ အိမ်ထောင်စု ၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ ခြင်း ဖြစ်သည်။

ပေါက်မြို့နယ် ပအဖနှင့် နီးစပ်သူတစ်ဦးက တနင်္လာနေ့ကဆိုရင် မြို့ရဲ့ အရှေ့ပိုင်းက အုန်းတောတောင်စုက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သတင်းရထားပါတယ် ဟု အတည်ပြုသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည် ရွာထဲဝင်ရောက်လာပြီး အရပ်သားပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး မှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း ပေါက်မြို့နယ် (ပအဖ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြေပြင် စစ်ရေးအခြေအနေကို သိသူ တစ်ဦးက စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်း တဲ့ ပေါက်မြို့နယ် တောင်၊ မြောက်နဲ့ အနောက်ဘက်ခြမ်းက အရေးပါတဲ့ဒေသတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေ တာဖြစ်ပြီး စစ်မျက်နှာအသစ်ဖွင့်ဖို့ ရည်ရွယ်ပုံရတယ် ဟု သုံးသပ်သည်။

လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ၁၂,၀၀၀ ကျော်အတွက် အစားအသောက်၊ ဆေးဝါးနှင့် အမိုးအကာ စသည့် လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ပေါက်မြို့ နယ် (ပအဖ) လူသားချင်းစာနာဌာနက မေတ္တာရပ်ခံထားသည်။