ကွတ်ခိုင်ထောင်ဖောက်မှု၊ ပြစ်မှုကြီးသမား ၃၀ ကျော် လွတ်မြောက်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ တအာင်းတပ် TNLA အချုပ်ခန်းမှ အကျဉ်းသား ၃၀ ကျော် ထွက်ပြေးသွား သည်။
ကွတ်ခိုင်မြို့ရှိ တအာင်းတပ် (TNLA) ၏ အချုပ်ခန်းတစ်ခုမှ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားသူ ၃၀ ကျော် သည် နိုဝင်ဘာလ ၁ ရက်နေ့ည သန်းခေါင်ယံအချိန်တွင် ထောင်ဖောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက အတည်ပြုသည်။
ဖြစ်စဉ်မှာ အချုပ်ခန်းစောင့်တစ်ဦးတည်း ရှိနေစဉ်၊ ဓားပြမှုကျူးလွန်ထားသူ တစ်ဦးက ဦးဆောင်၍ လုံခြုံရေး အပေါ့ဆသွားချိန်ကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ “အချုပ်သားတစ်ယောက်က အပေါ့သွားချင်ယောင်ဆောင်ပြီး အချုပ်ထောင် စောင့်ဆီက သော့ကို လုယူခဲ့ပါတယ်။ အဲ့ဒီနောက် အချုပ်ခန်း တံခါးသော့တွေကို အကုန်ဖွင့်ပြီး တစ်ယောက် မကျန် ခေါ်ထုတ် ထွက်ပြေးသွားတာပါ” ဟု သိရသည်။
ထွက်ပြေးသူ စုစုပေါင်း ၃၆ ဦးခန့်ရှိရာတွင် စစ်သုံ့ပန်းများ မပါဝင်ဘဲ သူခိုး၊ ဓားပြ၊ မုဒိမ်းမှုကျူးလွန်သူ၊ လူသတ် မှုနှင့် မူးယစ်ဆေးဝါးသမား စသည့် ပြစ်မှုကျူးလွန်ထားသူများသာ ပါဝင်ကြောင်း နီးစပ်သူများက ဆိုသည်။
နီးစပ်သူများ၏ အဆိုအရ “ထွက်ပြေးသွားသူတွေထဲမှာ ကွတ်ခိုင်မြို့က မုဒိမ်းမှုကျူးလွန်ထားတဲ့ ဆရာဝန် တစ်ယောက် အပါအဝင် ပြစ်မှုကြီးတွေ ကျူးလွန်ထားသူတွေ ပါဝင်ပါတယ်” ဟု ပြောဆိုသည်။
TNLA တပ်ဖွဲ့များက လိုက်လံရှာဖွေမှုများ လုပ်ဆောင်နေပြီး ထွက်ပြေးသူ ၃၆ ဦးအနက် ၆ ဦးခန့်ကို ပြန်လည် ဖမ်းမိထားပြီဖြစ်ကြောင်း သိရသည်။
တအာင်းတပ် TNLA ဘက်ကမူ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။