ထားဝယ်တွင် ဧည့်စာရင်းဝင်စစ်ပြီး စစ်မှုထမ်းစုဆောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်ရှိ နှင်းဆီလမ်းတွင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရင်း အမျိုးသား တစ်ဦးကို စစ်မှုထမ်း သင်တန်းတက်ရန် ခေါ်ဆောင်သွားသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြော သည်။
ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ ဆယ်အိမ်မှူးနှင့် အရပ်ဝတ် အမျိုးသားသုံးဦး ပါဝင်သည့် အဖွဲ့က ဇူလိုင်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်က ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဧည့်စာရင်းစစ်သည်ဟု ဆိုကာ အိမ်အမှတ်နှင့် အိမ်ထောင်စု စာရင်းများကို တိုက်ဆိုင် စစ်ဆေးပြီးနောက် အသက် ၂၀ ခန့်အရွယ် လူငယ်ကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများက အတည်ပြု ပြောဆိုသည်။
နှင်းဆီလမ်းအတွင်းနေထိုင်သူ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “အရင်က တစ်ခါမှ လမ်းထဲကို ဧည့် စာရင်း လာစစ်တာမျိုး မရှိပါဘူး။ အိမ်ထောင်စု စာရင်းနဲ့ အိမ်နံပါတ် တိုက်ပြီး စစ်တယ်။ ပြီးတော့ သူတို့မှာ ပါ လာတဲ့ စာရင်းစာရွက်နဲ့ တိုက်ပြီးလည်း စစ်တယ်။ ကျန်တဲ့ အိမ်တွေမှာ ဘာမှမဖြစ်ဘူး။ အဲဒီကောင်လေး အိမ်ကြမှပဲ စစ်မှုထမ်း ဆင့်ခေါ်စာ ဆိုပြီး စာရွက်တစ်ရွက် ပေးပြီး တခါတည်း ခေါ်သွားတယ်။ ကျန်တာတော့ ဘာမှ မပြောသွားဘူး” ဟု ပြောသည်။
ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ထားဝယ်မြို့ရှိ စစ်ကောင်စီ တပ်ရင်းများ နှင့် ရဲစခန်းတို့တွင် မိသားစုက လိုက် လံ စုံစမ်းသော်လည်း ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းအချိန်အထိ သတင်းမရရှိသေးကြောင်း နီးစပ်သူများက ပြောသည်။
စစ်မှုထမ်းရန် ဆင့်ခေါ်စာ အပို့ခံရသူများမှာ စစ်မှု မထမ်းလို၍ ထွက်ပြေး တိမ်းရှောင်နေကြသဖြင့် ယခုကဲ့သို့ ဆင့်ခေါ်စာဖြင့် တစ်ခါတည်း အိမ်တိုင်ရာအရောက် စစ်သားစုဆောင်းခြင်း ဖြစ်နိုင်သည်ဟု ထားဝယ်မြို့ခံတစ်ဦး က ဆိုသည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်ကာ စစ်မှုထမ်း သင်တန်းများ ဖွင့်လှစ်နေပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ အတွင်း၌ အပတ်စဥ် ၁၄ အထိ ရောက်ရှိနေပြီ ဖြစ်သည်။