အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ၃ ဦး ထွက်ပြေးသဖြင့် အသေဖမ်းဆီးခဲ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။ 

ကော့သောင်း၌ အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် (၃) ဦး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့်အပြင် တော်လှန်ရေးအဖွဲ့က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့များသည် ခမောက်ကြီး မြို့နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားနှင့် ပျူစောထီးအဖွဲ့ဝင်များကို စီးနင်းဖမ်းဆီးရာ၌ ခုခံမှု ကြောင့် အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် (၃) ဦး သေဆုံးခဲ့ ကြောင်း ယင်းတော်လှန်ရေးပူးပေါင်းအဖွဲ့များက အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၄) ရက်နေ့၊ နံနက် (၈) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များသည် ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာအတွင်းသို့ ရှောင်တခင် ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် နှင့် ပျူခေါင်းဆောင် ဦးအေးစိုး တို့ကို ဖမ်းဆီးခဲ့သည်။ 

၎င်းတို့ (၂) ဦးကို စစ်ဆေးမေးမြန်း ညှိနှိုင်းရန် လုံခြုံသည့်နေရာသို့ ခေါ်ဆောင်လာစဉ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ၏ Hilux Vigo ကားကိုပါ ယူဆောင်လာခဲ့သည်။

လုံးဖောကျေးရွာ အလွန်တစ်နေရာတွင် နမ္မနွယ်ကျေးရွာမှ ပျူခေါင်းဆောင် ဦးသက်ဦး ကို ထပ်မံတွေ့ရှိခဲ့သဖြင့် ၎င်းကိုပါ ထပ်မံခေါ်ဆောင်လာခဲ့သည်။ 

ထို့နောက် နေ့လည် (၁၂) နာရီခန့် လမ်းခုလပ်တစ်နေရာ၌ နေ့လည်စာ စားနေကြချိန်တွင် ခေါ်ဆောင်လာသည့် ပျူခေါင်းဆောင် ဦးသက်ဦးသည် ၎င်းတွင် အသင့်ပါလာသော မက်(ဂ်)နန်း ပစ္စတို ဖြင့် ရုတ်တရက် ပစ်ခတ်ခုခံ ခဲ့ပြီး ၎င်းတို့ (၃) ဦးလုံး ထွက်ပြေးခဲ့ကြသည်။

တော်လှန်ရေး ရဲဘော်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာတွင် ၎င်းတို့ (၃) ဦးလုံး ကျည်ထိမှန် သေဆုံးသွားခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူကမွန်းတည့် ၁၂ နာရီလောက်က လမ်းခုလတ်

တစ်နေရာ အရောက်မှာ ခေတ္တနားကြပြီး နေ့လည်စာ စားနေကြတဲ့အချိန်မှာ ပျူစောထီးခေါင်းဆောင်

ဦးသက်ဦးက သူ့မှာ အသင့်လျှို့ဝှက်ယူလာတဲ့ မက်(ဂ်)နန်း ပစ္စတိုနဲ့ ပစ်ခတ် ခုခံပြီး ၃ ဦးစလုံး ထွက်ပြေးခဲ့တာ ကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက လိုက်လံပြီး ၃ ဦးလုံးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရတာ ဟု ပြောသည်။

ဤပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် (၁) ဦးမှာ ညာဘက်ပေါင်တွင် ကျည်ရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များအနေဖြင့် ဖြစ်စဉ်အတွင်း စကားပြောစက် (၄) လုံး၊ ဖုန်း (၄) လုံး၊ ကိုးလုံးကျည် ခေါက်ချိုးအရှည် (၁) လက်နှင့် ကျည် (၃) တောင့်၊ မက်(ဂ်)နန်းပစ္စတို (၁) လက်နှင့် ကျည် (၅) တောင့်၊ ပြည်သူ့စစ် စိစစ်ရေး ကတ်ပြားများ နှင့် Hilux Vigo ကား တို့ကို သိမ်းဆည်းရမိခဲ့သည်။

ကော့သောင်းခရိုင်ရှိ တော်လှန်ရေးအင်အားစုများက ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နောင်တွင် ယခုကဲ့သို့ မဖြစ်ပွား စေရန်အတွက် မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပျူအဖွဲ့ဝင်များသည် တော်လှန်ရေး အင်အားစုများ ၏ ခေါ်ယူပြောဆိုမှုကို ကောင်းမွန်စွာ ပြန်လည်ဆက်ဆံပြီး ပြည်သူနှင့်အတူ ပူးပေါင်းပါဝင် ရပ်တည်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူ့ဘက် မရပ်တည်သော၊ စစ်ကော်မရှင်တပ်နှင့် အပေါင်းအပါ မှန်သမျှကို ကော့သောင်းခရိုင် တော်လှန်ရေးအင်အားစုများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် အသိပေးထားသည်။