တနင်္သာရီတိုင်း ကျောက်နီမော် တိုက်ပွဲ စစ်ကောင်စီဘက်မှ ၁၂ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့မှ ၁၂ ဦးသေဆုံးခဲ့သည်။
ကျောက်နီမော်တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ၁၂ ဦး သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက တပ်စွဲထားသည့် စခန်းအဆောက်အအုံများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) တာဝန်ရှိသူတစ်ဦး ပြောသည်။
YPPDF ပြန်ကြားရေး တာဝန်ရှိသူက “တိုက်ပွဲမှာ သေနေတာက အများကြီးပါပဲ။ စစ်သားနဲ့ ပျူတွေ ရောပြီး နေကြတာဆိုတော့ စစ်သားက ဘယ်နှစ်ယောက်၊ ပျူက ဘယ်နှစ်ယောက် သေတယ် ဆိုတာကိုတော့ ခွဲရဖို့ ခက် တယ်” ဟု ပြောသည်။
တိုက်ပွဲကို ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF)၊ ဘီလုံးပြောက်ကျား တပ်ဖွဲ့၊ က္လာသစ္ဏတ်၊ ဖယ်ဒရယ် ဒူဝံကြယ်တပ်ဖွဲ့နှင့် ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ ပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက စက်တင်ဘာလ ၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား ၄ နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု YPPDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ကာဘိုင်သေနတ် သုံးလက်၊ M-16 သေနတ် တစ်လက်နှင့် ဆက်စပ်ပစ္စည်း များကိုပါ သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း YPPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း တပ်ဖွဲ့တို့၏ စခန်းတစ်ခုလုံးကို မသိမ်းပိုက်နိုင်ခဲ့သော်လည်း တောင်ခြေ ရှိ ဘန်ကာများနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု YPPDF တာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ကျောက်နီမော်ရွာသား အချို့ နီးစပ်ရာသို့ ထွက်ပြေးနေကြရပြီး အများစုမှာ နေအိမ်များထဲတွင် ပုန်းအောင်းနေခဲ့ရသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ရေလမ်းမှ ကျောက်နီမော် ကျေးရွာကို စစ်ကူရောက်ရှိလာခဲ့ပြီး ရွာထဲရှိ နေအိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ရွာသားများက ပြောသည်။
လောင်းလုံးမြို့နယ် အတွင်းရှိ ပင်လယ်ကမ်းခြေကျေးရွာများ ဖြစ်ကြသည့် သဘော့ဆိပ် အပါအဝင် ကျေးရွာ ၅ ရွာကိုလည်း နှစ်ပတ်ခန့်အကြာ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခဲ့ပြီး ရွာသားအယောက် ၂၀ ကျော်ခန့်ကို ဖမ်းဆီးသွားခဲ့ရာ လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘဲ ဖမ်းဆီးထားကြသည်။