မုံရွာ-မန္တလေးလမ်း တွင် စစ်ကော်မရှင်တပ်မှ ရမ်းသန်း ပစ်ခတ်၊ ဆုတောင်းပြည့် ဘုရားပွဲအပြန် လူငယ် ၄၀ ခန့်အား ပေါ်တာဆွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
မုံရွာ-မန္တလေးလမ်း စစ်ရေးတင်းမာမှုနှင့် မြို့ပေါ် ပွဲတော်အပြန် လူငယ် ၄၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်အထွက် ဖြစ်သော မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်တပ်က ကင်းပုန်းများချကာ ရမ်းသန်းပစ်ခတ်မှုများ လုပ်နေသဖြင့် ခရီးသွားလာရေး အန္တရာယ်ရှိနေပြီး၊ တစ်ချိန်တည်းမှာပင် မြို့ပေါ်ရှိ ဘုရားပွဲတော်မှ အပြန် လူငယ်အယောက် ၄၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့အထိ မုံရွာ-မန္တလေး လမ်းမပေါ်၌ စစ်ကော်မရှင်တပ်က ကင်းပုန်းများ နေရာအနှံ့ချထားခြင်းနှင့်အတူ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည်။
ဒေသခံများ၏ ပြောကြားချက်အရ နတ်ရေကန်ကျေးရွာအနီးတွင် လမ်းပိတ်ဆို့ထားကာ၊ ရေပိုးစားကျေးရွာနား တွင် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ခရီးသွားလာသူများ လမ်းကြောင်းကို ရှောင်တိမ်းနေကြရ သည်။
မုံရွာမြို့ထဲမှလည်း မိုင်းဖျက်ယာဉ် (ဂျန်မာကား) များ ထွက်ခွာလာသည်ဟု ဆိုသည်။
မုံရွာမြို့အနီး ဒေသခံတစ်ဦးက “မုံရွာ-မန္တလေးလမ်းကတော့ အခြေအနေမကောင်းဘူး။ လမ်းကြောင်းက နေ့တိုင်း ရှိပုံရတယ်။ မုံရွာ-မန္တလေး လမ်းမပေါ်မှာ ဒီကောင်တွေက ကင်းပုန်းတွေ နေရာအနှံ့ချထားတာဗျ။ နတ်ရေကန်ရွာနားမှာဆို လမ်းကို ပိတ်ထားတယ်လို့ ပြောတယ်။ ပြီးတော့ ရေပိုးစားရွာနားမှာဆိုလည်း ရမ်း သမ်း ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေကတော့ ဒီနေ့လမ်းကြောင်းကို ရှောင်ခိုင်းနေကြတာ” ဟု ပြောသည်။
စစ်ကော်မရှင်တပ်သည် မကြာခဏ တိုက်ခိုက်ခံနေရသောကြောင့် ခရီးသွားယာဉ်များကို ရှေ့မှ မောင်းခိုင်းခြင်း နှင့် မိုင်းရှင်းခိုင်းခြင်းများ ပြုလုပ်နေသည့်အတွက် တိုက်ပွဲမရှိသော်လည်း ခရီးစဉ်များ ကြန့်ကြာမှုများ ဖြစ်ပေါ်နေ ကြောင်း ခရီးသွားများက ဆိုသည်။
ဒေသခံများက ခရီးသွားပြည်သူများအနေဖြင့် လမ်းကြောင်းသတင်းကို နားစွင့်ပြီးမှသာ သွားလာကြရန် အကြံပြုထားသည်။
တစ်ပြိုင်နက်တည်းမှာပင် မုံရွာမြို့ပေါ်ရှိ ဆုတောင်းပြည့် ဘုရားကြီးပွဲတော်ကို လာရောက်လည်ပတ်သည့် လူငယ်များအား စစ်ကော်မရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည်။
“တချို့က အခုထိ ဘာမှ အဆက်သွယ်မရဘူးလို့ ကြားတယ်။ မိသားစုဝင်တွေ မိဘတွေကတော့ စိတ်ပူနေကြ တာ ပေါ့ဗျာနော်။ ဖမ်းခံရတဲ့သူတွေထဲက တချို့ကတော့ ပြန်လွတ်တယ်လို့လည်း သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းမှ စတင်၍ ၁၄ ရက်နေ့အထိ စတိတ်ရှိုးပွဲမှ အပြန်တွင် လူငယ် ၄၀ ထက် မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံများက အတည်ပြုပြောသည်။
စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူများအနက် အချို့မှာ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်သော်လည်း၊ အချို့မှာ ငွေပေးပြီး ပြန်လည်လွတ်မြောက်လာကြောင်း မြို့ခံများက ဆိုသည်။
စစ်ကော်မရှင်တပ်သည် လူငယ်အများစု အကြိုက် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးပြီး ပွဲမှအပြန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်ခြင်းများ မကြာခဏ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။
မြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေသကဲ့သို့ တစ်ဖက်တွင်လည်း ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဗုံးကြဲ သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေပြီး၊ အခြားတစ်ဖက်တွင်မူ လာမည့် ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများပါ ပြုလုပ်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။