မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှုများ ပြန်လည်စတင်ရန် ဗြိတိန်ကို တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
ဗြိတိန်အစိုးရအား မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်စတင်ရန် Burma Campaign UK ထုတ်ပြန် တောင်းဆိုလိုက်သည်။
ဗြိတိန်အစိုးရသည် မြန်မာစစ်တပ်ထံ စီးဝင်နေသော ဝင်ငွေ၊ လက်နက်နှင့် စစ်ပစ္စည်းများကို ဖြတ်တောက်ရန် ပုံမှန်အရေးယူမှုများ ပြန်လည်ချမှတ်ရန် Burma Campaign UK က အောက်တိုဘာလ ၁၅ ရက်နေ့တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဗြိတိန်အစိုးရက မြန်မာစစ်တပ်အပေါ် နောက်ဆုံးအကြိမ် ပစ်မှတ်ထားအရေးယူမှု ပြုလုပ်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နောက်ပိုင်းဖြစ်သဖြင့် တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း Burma Campaign UK က ထောက်ပြသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်အစိုးရနှင့် မဟာမိတ်များသည် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများကို လျှော့ချနိုင်ရန်အတွက် ဝင်ငွေ၊ လက်နက်နှင့် စစ်ပစ္စည်းရင်းမြစ်များကို စနစ်တကျ ပစ်မှတ်ထား၍ အရေးယူရန် မူဝါဒကို ချမှတ်ခဲ့ပြီး ကမ္ဘာကို ဦးဆောင်ခဲ့သည်။
သို့သော်လည်း လက်ရှိတွင် ဗြိတိန်၏ အရေးယူဆောင်ရွက်မှုနှုန်းသည် ရပ်တန့်လုနီးပါး ဖြစ်နေပြီး အမေရိကန် (USA)၊ ဥရောပသမဂ္ဂ (EU)၊ ကနေဒါနှင့် သြစတြေးလျတို့ ချမှတ်ထားသည့် အရေးယူမှုများအားလုံးကိုပင် လိုက်မီခြင်း မရှိတော့ကြောင်း Burma Campaign UK က ဝေဖန်ခဲ့သည်။
ဗြိတိန်အစိုးရသည် မြန်မာစစ်တပ်အပေါ် ငါးနှစ်နီးပါးအတွင်း အရေးယူခဲ့သည့် ပမာဏထက် ရုရှားအပေါ် တစ်ရက်တည်းတွင် ပိုမိုအရေးယူမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းတို့က ထောက်ပြသည်။
Burma Campaign UK ၏ ဒါရိုက်တာ မာ့ခ် ဖာမာနာ (Mark Farmaner) က “၂၀၂၁ အာဏာသိမ်းပြီးနောက် ဗြိတိန်အစိုးရဟာ မြန်မာစစ်တပ်ကို ပစ်မှတ်ထား အရေးယူရာမှာ ကမ္ဘာကို ဦးဆောင်ခဲ့တယ်။ အခုတော့ သူတို့ကိုယ်တိုင်တောင် နောက်ကနေ လိုက်မလုပ်နိုင်တော့ဘူး” ဟု ပြောကြားသည်။
“မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးကို ခုခံဖို့ သူတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်နေချိန်မှာ၊ ကျွန်တော်တို့ အနည်းဆုံးလုပ်နိုင်တာက စစ်တပ်ဆီကို ရောက်နေတဲ့ ငွေကြေးနဲ့ လက်နက်တွေကို လျှော့ချဖို့ပါ ပဲ” ဟု ၎င်းက ဆက်ပြောသည်။
ဗြိတိန်အစိုးရ၏ အရေးယူမှုများ ဆက်လက်မချမှတ်ခြင်းသည် လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထား သည့် ရွေးကောက်ပွဲ ဟန်ဆောင်ပွဲ (sham elections) မတိုင်မီ တိုက်ခိုက်မှုများကို တိုးမြှင့်နေသော မြန်မာစစ်တပ်အား အားပေးရာရောက်ပြီး စစ်တပ်၏ အားတက်စရာ ဖြစ်စေခဲ့ကြောင်း Burma Campaign UK က သုံးသပ်သည်။
ထိုရွေးကောက်ပွဲများသည် မြန်မာနိုင်ငံအပေါ် စစ်တပ်၏ ထိန်းချုပ်မှုကို အကန့်အသတ်မရှိ ဆက်လက် တည်မြဲ စေရန် ရည်ရွယ်သည်။
ထိရောက်မှုရှိစေရန်အတွက် အရေးယူမှုများကို ပစ်မှတ်အမျိုးမျိုး အပေါ် စုပေါင်းသက်ရောက်မှု ရှိစေရန်နှင့် စဉ်ဆက်မပြတ် ချမှတ်ရန် လိုအပ်ကြောင်း Burma Campaign UK က တိုက်တွန်းထားသည်။
Burma Campaign UK သည် ၎င်းတို့၏ ထောက်ခံသူများကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper ထံသို့ စာရေးသား၍ မြန်မာစစ်တပ်အပေါ် အရေးယူမှုများ ပြန်လည်စတင်ရန် တောင်းဆိုစေရန်လည်း တိုက်တွန်းလျက် ရှိသည်။