မြန်မာနိုင်ငံ အခြေအနေကို ICC သို့လွှဲရန်၊ လေယာဉ်ဆီ ပိတ်ဆို့ရန် CHRO တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်။ 

ချင်းပြည်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းအကြမ်းဖက်မှု မြင့်တက်လာမှုအပေါ် CHRO မှ မြန်မာ့ အခြေအနေအား ICC သို့ လွှဲပြောင်းရန်နှင့် လေယာဉ်ဆီ ပိတ်ဆို့ရန် တောင်းဆိုလိုက်သည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ချင်းပြည်ရှိ စာသင်ကျောင်း၊ ဆေးရုံနှင့် နေအိမ်များကဲ့သို့သော အရပ်ဘက် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်နေသည့် အတွက်၊ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က အောက်တိုဘာလ ၁၅ ရက်နေ့တွင် အရေးပေါ် တောင်းဆိုချက်များ ထပ်မံထုတ်ပြန်ခဲ့သည်။ 

CHRO ၏ တောင်းဆိုချက်များမှာ မြန်မာ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့ရေးနှင့် လေယာဉ်ဆီ ချက်ချင်းပိတ်ပင်ရေးတို့ ပါဝင်သည်။

CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ဒီနောက်ဆုံး ရက်စက်ကြမ်းကြုတ်မှုဟာ စစ်ကောင်စီရဲ့ လူ့အသက်ကို နယ်ပယ်မဲ့ လျစ်လျူရှုမှုကို နောက်ထပ် သက်သေပြနေတာပဲ။ နိုင်ငံတကာ အသိုက်အဝန်းဟာ ပိုပြီး ဆောင်ရွက်ရပါမယ် ဟု ပြောသည်။ 

၎င်းက တရားမျှတမှုနှင့် တာဝန်ခံမှုကို အရေးတကြီး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပြီး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း ဤရက်စက်သော ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား ရှုတ်ချရန်နှင့် ဒေသတွင်း၌ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ကို လက်ခံမည်မဟုတ်ကြောင်း ပြသရန် တိုက်တွန်းခဲ့သည်။

CHRO ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲတွင် ဟားခါးမြို့နယ်၊ ဗန်ဟား ကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်နေစဉ်အတွင်း ကျောင်းအဆောက်အအုံအား တိုက်ရိုက်ထိမှန်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့ရပြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် အခြားကလေးတစ်ဦး တို့ အပါအဝင် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကာ၊ အချို့ကို သတိမေ့မြောနေသည့် အခြေအနေဖြင့် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 

စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး နောက် ချင်းပြည်အတွင်း အရပ်ဘက် အဆောက်အအုံများအား ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု များကို ပိုတိုးလုပ်လာသည်ဟု ဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အကြား စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှု ခြောက်ကြိမ်တွင် မတူပီ၊ မင်းတပ်၊ ပလက်ဝနှင့် ဟားခါးမြို့နယ်များရှိ စာသင်ကျောင်းများ၊ ဆေးရုံ များ၊ ဘုရားကျောင်းများနှင့် နေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် ကလေးခြောက်ဦး အပါအဝင် စုစုပေါင်း ကိုးဦး သေဆုံး ခဲ့ပြီး ၃၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ 

အဆိုပါ တိုက်ခိုက်မှုများထဲ စက်တင်ဘာ ၂၁ ရက်နေ့ မင်းတပ်မြို့၌ နေအိမ် ခုနစ်လုံး ပျက်စီးခဲ့ရသည်။

စက်တင်ဘာ ၂၉ ရက်နေ့တွင် ပလက်ဝမြို့ရှိ ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၄ ရက်နေ့ကလည်း မင်းတပ်မြို့၌ နေအိမ် ၁၀ လုံး ထပ်မံပျက်စီးခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ သည်။

ထို့အပြင် အောက်တိုဘာ ၈ ရက်နေ့တွင် မင်းတပ်မြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲခဲ့၍ ပြည်သူ လေးဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၁၃ ရက်နေ့တွင်မူ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်း ဗုံးကြဲခံရမှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မြန်မာ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန်၊ စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးကို ရပ်တန့်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့ရေးနှင့် လေယာဉ်ဆီ ချက်ချင်းပိတ်ပင်ရန် တောင်းဆိုထားသည်။

ထို့အပြင် စစ်တပ်၏ အာဏာရင်းမြစ်များကို ပစ်မှတ်ထား သည့် ပိုမိုအားကောင်းပြီး ညှိနှိုင်းဆောင်ရွက်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် အထူးအလေးထား တိုက်တွန်းထားသည်။