ပဲခူးတိုင်း အတွင်း ကပစ ၁၆ အနီးရှိ ၆၆၆ ပွိုင့် စခန်းကုန်းကို AA သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။ 

အာရက္ခတပ်တော် (AA) က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ- ၁၆ အနီးရှိ စစ်ကော်မရှင်တပ်၏ အရေးကြီးစခန်း ဖြစ်သော ပွိုင့် (၆၆၆) ကုန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိထားကြောင်း ထုတ်ပြန်သည်။

သုံးနာရီခန့်ကြာ သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် ပွိုင့် (၆၆၆) စခန်းတစ်ခုလုံးအား အာရက္ခ တပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးစောင့်ကြည့်နေသူ တစ်ဦးက အခု အေအေက သိမ်းလိုက်တဲ့ (၆၆၆) ပွိုင့်ကုန်းဟာ ရခိုင်ရိုးမ အရှေ့ခြမ်း မှာ ရှိတဲ့ ဥသျှစ်ပင် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၆) နားမှာ တည်ရှိပါတယ်။ ဒီမှာ တကယ် တမ်းပြောရ ရင် ကပစ-၁၆ ကို မရောက်ခင် အခိုင်အမာ ဆောက်ထားတဲ့ ရှေ့တန်း ကာကင်းစခန်း တစ်ခုပေ့ါနော်။ ဒါကြောင့် AA အတွက် စက်ရုံနယ်မြေကို ချဉ်းကပ်ဖို့ အရေးကြီးတဲ့ အတားအဆီးတစ်ခုကို ထပ်ပြီး ဖြတ်ကျော်နိုင်လိုက် တာပါပဲ ဟု ပြောသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ၏ တောင်ဘက် ၉ ကီလိုမီတာ အကွာအဝေး၌ ရှိသော စစ်ကော်မရှင်တပ်၏ ပွိုင့် (၆၆၆) ကုန်း ကို အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီကျော်အချိန်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

အဆိုပါ ပွိုင့်ကုန်းနှင့် ပတ်ဝန်းကျင်ဒေသတွင် တိုက်ပွဲများ ကာလအတန်ကြာ ဖြစ်ပွားနေခဲ့သော်လည်း အောက်တို ဘာလ ၁၃ ရက်နေ့မှ စ၍ AA တပ်ဖွဲ့ဝင်များက ထိုးစစ်အရှိန်ကို မြှင့်တင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ အလောင်းအချို့၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံး အဆောင်ပစ္စည်းအချို့ကို AA တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ 

စစ်တွေမြို့ အနီးပတ်ဝန်းကျင်၌လည်း လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်မှုများမှာ ယခု ရက်များအတွင်း ပိုမိုပြင်းထန်လာခဲ့သည်။

စစ်ကော်မရှင်တပ်၏ ထိုးစစ်၊ ခံစစ်များနှင့် တန်ပြန်ထိုးစစ်များကို မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ ဆင်နွှဲနေစဉ် အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့ အကြား တိုက်ပွဲများသည် နေ့စဉ်နီးပါး ဆက်လက်ပြင်းထန် နေကြောင်း အာရက္ခတပ်တော် က အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အာရက္ခတပ်တော်သည် စစ်ကော်မရှင်တပ်၏ ထိုးစစ်များကို အကောင်းဆုံး ခံစစ်များဖြင့် တုံ့ပြန်နေသည့်အပြင် တန်ပြန်ထိုးစစ်များဖြင့်ပါ ဆင်နွှဲလျက်ရှိသည်။ 

အထူးသဖြင့် ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နှင့် ရခိုင်-ဧရာဝတီတိုင်း အစပ်ဒေသများတွင် တိုက်ပွဲများ အဓိက ဖြစ်ပွားနေသည်။

နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက် နေသကဲ့ သို့ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ 

လက်နက်ချ အလင်းဝင်လာသူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထား ကြောင်းလည်း AA က ထုတ်ပြန်သည်။

ထို့အပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း အောက်တိုဘာလ ၁၅ ရက်၊ နေ့လယ် ၃ နာရီ ၅၅ မိနစ်မှ စတင်၍ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အာရက္ခတပ်တော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။