စစ်ကော်မရှင် စစ်ကြောင်းကို DNLA ၏ ဒူကရ စစ်ကြောင်းက တိုက်ခိုက်၊ စစ်ကော်မရှင် စစ်သား ၅ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။ 

ထားဝယ်တွင် လက်နက်ခဲယမ်းပို့ စစ်ကော်မရှင်တပ်ဖွဲ့ကို “ဓဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA)” ၏ ဒူကရ စစ်ကြောင်းက  တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့သည်။

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ရေဖြူမြို့ ဘက်သို့ လက်နက်ခဲယမ်းများ ပို့ဆောင်ရန် ထွက်ခွာလာသည့် စစ်ကော်မရှင်တပ်၏ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ဒူကရစစ်ကြောင်း၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ 

ထိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ပြီး ဒူကရစစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေသခံရွာသားများနှင့် တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် ဇဟာကျေးရွာ အခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်မှ ထွက်ခွာလာ ခြင်း ဖြစ်သည်။ 

ဒူကရစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက တိုက်ခိုက်မှုထဲမှာ လက်နက်ကြီးနဲ့ အသုံးချပစ်ခတ်တာမျိုး မရှိပါဘူး။ စစ်ကော်မရှင်တပ်ဘက်က ငါးယောက် သေဆုံးသွားတယ် ဟု ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ သည် မောင်မယ်ရှောင်ကျေးရွာ အတွင်းသို့ ဝင်ရောက်နေရာယူခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မောင်မယ်ရှောင်ကျေးရွာသည် ရေး – ထားဝယ်သွား ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့နှင့် နီးကပ်သော ရွာကြီးတစ်ရွာဖြစ်သည်။ 

မကြာခဏဆိုသလို နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် စစ်ကော်မရှင်တပ်ဖွဲ့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် ရွာသားများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ တစ်နှစ်ကျော် ပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။