ရခိုင်တွင် စာသင်ကျောင်းနှင့် အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းမှ တိုက်ခိုက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
ရခိုင်ပြည်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု မြင့်တက်နေပြီး စာသင်ကျောင်းနှင့် အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်ဟု ဒေသခံများက ပြောသည်။
အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့ အကြား တိုက်ပွဲများ အရှိန်အဟုန် မြင့်တက်လာသည်နှင့်အမျှ စစ်တပ်ဘက်က အရပ်သား ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်လာနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
အောက်တိုဘာလ တစ်လတာအတွင်း ရခိုင်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နယ် အများအပြားတွင် စစ်တပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။
နောက်ဆုံးဖြစ်ခဲ့သော တိုက်ခိုက်မှုတစ်ခုမှာ AA က သိမ်းပိုက်ထားသည့် တောင်ကုတ်မြို့နယ်၊ မဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့ခြင်းကြောင့် ကျောင်းအဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
တောင်ကုတ်ဒေသခံ တစ်ဦးက “စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်။ သူတို့က တိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သား ပစ်မှတ်တွေကိုပဲ ထပ်ခါတလဲလဲ တိုက်နေ တာကို တွေ့ရပါတယ်” ဟု ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များ၌ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး၊ အရပ်သား တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်က စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့နယ်ထဲက လူနေကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကွမ်းတောင်ကျေးရွာမှ ဖြူစင်ရင်ခွင် ဖောင်ဒေး ရှင်းက အသက်အငယ်ဆုံး ပရဟိတ လူငယ်လေး ၁ ဦး ထိမှန် သေဆုံးခဲ့သည်။
အလားတူ အောက်တိုဘာ ၂၆ ရက်နေ့၌ အမ်းမြို့ကို လေကြောင်းဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့မှုကြောင့် မြို့ဟောင်း ရပ်ကွက်မှ အသက် ၉ နှစ်အရွယ် Grade-3 ကျောင်းသားငယ် ဆလိုင်းသိန်းဇော်သန်း သည် ဦးခေါင်းနှင့် နံရိုးတို့ တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
မြေပြင် သတင်းအရင်းအမြစ်တစ်ဦး “ကလေးငယ်က ဗုံးကြဲခံရလို့ ဦးခေါင်းမှာရော၊ နံရိုးမှာပါ ဒဏ်ရာ အပြင်းအထန် ရထားတယ်။ အခြေအနေက တော်တော်လေး စိုးရိမ်ရတယ်။ စစ်တပ်က AA နဲ့ တိုက်ပွဲမှာ အကျအဆုံးများ လာရင် ဒီလို အရပ်သားတွေပဲ အငြိုးထား တိုက်ခိုက်တာမျိုး လုပ်နေတာ” ဟု ၎င်းတို့၏ သုံးသပ်ချက်ကို ထောက်ပြပြောဆိုခဲ့သည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများသည် စက်တင်ဘာလ ၁၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်ဘော်ဒါကျောင်း နှစ်ကျောင်းကို ဗုံးကြဲခဲ့ရာ ကျောင်းသား ၂၀ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်မျိုးကို ထပ်မံ အမှတ်ရစေသည်။
လက်ရှိတွင် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်၌ စစ်ကော်မရှင်တပ်က ရေတပ်အင်အား ဖြည့်တင်းမှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး AA က ထိန်းချုပ်ထားသော မြို့နယ်အချို့ကို ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်လျှက်ရှိသည်။
ထို့ကြောင့် ရခိုင်ပြည်သူများ အနေဖြင့် လေကြောင်းနှင့် ရေကြောင်းမှ လာရောက်နိုင်သည့် စစ်ရေးအန္တရာယ် အတွက် စစ်ရေးသတိ အထူးထားရှိကြဖို့ လိုအပ်နေကြောင်း AA က သတိပေး ထုတ်ပြန်ထားသည်။