ဖရူဆိုအနောက်ဘက် ကရင်နီ စစ်ရှောင်များ အရေပြားရောဂါ တနှစ်ကြာအထိ မပျောက်ကင်းသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

ကရင်နီပြည်၊ ဖရူဆိုမြို့ အနောက်ဘက်ရှိ ဟူဘောမြို့နယ်ထဲက စစ်ဘေးရှောင်များတွင် အရေပြား ယားနာများ တစ်နှစ်ကြာ ဆိုးရွားစွာ ဖြစ်ပွားနေပြီး ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်။

ဟူဘောမြို့နယ် စစ်ဘေးရှောင်စခန်းများတွင် အရေပြားယားနာ ပြဿနာ တစ်နှစ်ကြာလာသည့်တိုင် မပျောက်ဘဲ ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။

ဟားမူစစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆေးလိမ်းရရင်တော့ နည်းနည်းသက်သာတယ်။ ဆေးမလိမ်းရရင်တော့ တစ်ညလုံး ကုတ်ရတော့ အိပ်ရေးပျက်ရတယ်။ အခုဆို အမာရွတ်တွေ ထတဲ့ဟာလည်း ထ၊ အသစ်ဖြစ်တဲ့ဟာတွေလည်းဖြစ်နေတယ်။ မွေးကင်းစတွေဖြစ်တဲ့ဟာ တအားဆိုးတယ်။ ခြေဖဝါး လက် ဖဝါးကြား၊ လက်သည်းကြားမှာ ဖြစ်ပြီး လက်သည်းတွေ ကွာတဲ့အထိ ဖြစ်ကြတယ် ဟု လက်ရှိ အခြေအနေ ကို ပြောပြသည်။

ဟူဘောမြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများအကြား အရေပြားယားနာ ဖြစ်ပွားမှုသည် လွန်ခဲ့ သည့်နှစ် အောက်တိုဘာလ ကတည်းက စတင်ခဲ့ပြီး ယခုလက်ရှိအချိန်အထိ မပျောက်ကင်းဘဲ ပိုမိုဆိုးရွားစွာ ခံစားနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

၎င်းတို့သည် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေသည်။

ဟူဘောမြို့နယ်၊ ကေကောအုပ်စုရှိ ဟားမူစစ်ရှောင်စခန်းတွင် နေထိုင်သူများ၏ ပြောပြချက်အရ အရေပြား ယားနာများသည် လူကြီး၊ လူငယ်နှင့် ကလေးအားလုံး၏ ခန္ဓာကိုယ်အနှံ့တွင် ဖြစ်ပွားနေပြီး အထူးသဖြင့် ၁၈ နှစ်အောက် ကလေးငယ်များမှာ ပိုမိုဆိုးရွားစွာ ခံစားရသည် ဟုဆိုသည်။

ဟားမူစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၅ စုခန့်ရှိပြီး ယားနာအတွက် SULOKORTAF (hydrocortisone acetate cream) တံဆိပ်ပါ လိမ်းဆေးကို လိမ်းပါက သက်သာလာသည်ဟု ဆိုသည်။ သို့သော် ထိုဒေသတွင် အဆိုပါလိမ်းဆေးကို ရရှိရန် ခက်ခဲနေသည်။

အရေပြားယားနာအတွက် လိမ်းဆေး (Skinner) တစ်ဗူးလျှင် ကျပ် ၁၀,၀၀၀ ခန့် ပေးရပြီး ယားနာက ခန္ဓာကိုယ် တစ်ခုလုံးတွင် ဖြစ်ပွားနေသည့်အတွက် ဆေးတစ်ဗူးမှာ လူတစ်ဦးအတွက် တစ်ကြိမ်စာ လိမ်းရန်သာ ရှိသည်။ 

ထို့ကြောင့် ဆေးဆက်တိုက် လိမ်းနိုင်ရန် ငွေကြေးမတတ်နိုင်သည့် ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက ရှင်းပြသည်။

ယားနာသည် ကြာရှည်စွာ ဖြစ်ပွားပါက ကျောက်ကပ်ထိပါ ထိခိုက်နိုင်သည်ဟု ကျန်းမာရေးဆိုင်ရာ သတိပေး ချက်များတွင် ကြားသိရခြင်းကြောင့် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ 

အရင်တလောကဆို ကလေးတွေ ယားနာဖြစ်၊ တစ်ကိုယ်လုံး ဖောရောင်ပြီးတော့မှ ဆီးသွားတဲ့အခါမှာ ဆီးတွေနီတဲ့အထိ ဖြစ်သွားလို့ ဆေးရုံပို့ရတယ် ဟုလည်း စစ်ရှောင်အမျိုးသမီးက ပြောသည်။

ကေကောအုပ်စုထဲတွင် ကျန်းမာရေးဆေးပေးခန်း ရှိသော်လည်း ဆေးဝါးမစုံလင်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်း ပုံမှန်မရှိခြင်းတို့ကြောင့် စစ်ရှောင်များမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ကြားမှ ဟိုယာမြို့နယ်ရှိ ဆေးရုံ အထိ သွားရောက်ပြသနေရသည်။

ဟားမူကျေးရွာရှိ စစ်ရှောင်နှင့် ဒေသခံများအပါအဝင် ကေကော၊ ဖားဝေနှင့် ချီဘာခေါကျေးရွာတို့တွင်လည်း ယားနာများ ဆိုးရွားစွာ ဆက်လက်ဖြစ်ပွားနေကြောင်း ကေကောအုပ်စုနှင့် ရော်ဒေါ်ခေါအုပ်စုရှိ စစ်ဘေးရှောင် များအား ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ဦးက အတည်ပြု ပြောသည်။

စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဟားမူစစ်ဘေးရှောင်စခန်းတွင် အဖက်ဖက်မှ လိုအပ်ချက်များ ရှိနေပြီး လတ်တလောတွင် မိုးကာ၊ အရေးပေါ် ယားနာပျောက်ဆေး နှင့် အခြားသော ဆေးဝါးများပါ လိုအပ်နေကြောင်း စစ်ဘေးရှောင်များက အကူအညီများ တောင်းခံထားသည်။