ဒီးမော့ဆိုတွင် အမျိုးသမီးဟု ယူဆရသော ရုပ်အလောင်း အရိုးစု တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက အိမ်တစ်အိမ်တွင် အမျိုးသမီးဟု ယူဆရသော လူအရိုးစု (ရုပ်အလောင်း တစ်လောင်း) တွေ့ရှိခဲ့ သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လူအရိုးစုကို ဇွန်လ ၉ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ မြို့မ မြောင်းအောက် (ရွှေယောက်) ရပ်ကွက်ရှိ နေအိမ် တစ်လုံးထဲတွင် ကရင်နီပြည်ရဲဌာန (KSP) ကတွေ့ရှိခဲ့သည်ဟု ကူညီကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “ကျနော်တို့ကိုယ်တိုင် တွေ့ခဲ့တာတော့ မဟုတ်ဘူးပေါ့နော်။ ကျနော် တို့ကိုလာပြီတော့ ချိတ်ဆက်ခဲ့တယ်ပေါ့နော်။ ကျနော်တို့၉ ရက်နေ့က တစ်နာရီဝန်းကျင်လောက်ပေါ့ အဲ့ဒါကို ကျနော်တို့ မြောင်းအောက် ရွှေယောက် ရပ်ကွက်လို့တော့ ကျနော်တို့ သိရတယ်ပေါ့နော်။ ဘယ်လောက်ကြာ ပြီလဲဆိုရင် တစ်ပတ် နှစ်ပတ်လောက် ကြာပြီလို့တော့ ကျနော်တို့ ခန့်မှန်းထားတယ်ပေါ့နော်” ဟု ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့၏စစ်ဆေးချက်အရ လူအရိုးစု (ရုပ်အလောင်း) သည် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း ဖြစ်သည်ဟု ခန့်မှန်းနိုင်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။

“အမျိုးသမီးလို့ ဘာလို့ခန့်မှန်းလို့ရလည်း ဆိုရင် ရုပ်အလောင်းကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့အနားမှာရှိတဲ့ အင်္ကျီ က အစပေါ့နော် သူ့ရဲ့ဝတ်စားဆင်ယင်မှု ဆံပင်ပုံစံ ပြီးတော့ သူ့ရဲ့ အရိုးကအစ ကြည့်ပြီးတော့မှ အမျိုးသမီးလို့ ကျနော်တို့ ခန့်မှန်းနိုင်ထားတာတော့ ရှိတယ်ပေါ့။ ပြောရမယ်ဆိုရင် သူ့ရဲ့ ဝတ်စားဆင်ယင်မှုမှာမှာ အင်္ကျီက ဝတ် ထားတယ်။ ဒါပေမဲ့ အောက်ပိုင်းတော့ ဝတ်ထားတာမရှိဘူး။ သူ့ရဲ့ဘေးနားမှာက မိန်းကလေး အသုံးအဆောင် ပစ္စည်းတွေ သူ့ရဲ့ မိန်းကလေးသုံး အိတ်ရှိတယ်၊ ပြီးတော့ အတွင်းခံတွေ အဲ့ဒါတွေကို ကျနော်တို့ ကြည့်ခြင်းအား ဖြင့် ခန့်မှန်းထားတယ်ပေါ့နော်။”

မည်သည့် အကြောင်းကြောင့် သေဆုံးသွားသည်ကိုမူ မသိရသေးဘူးဟု ဆိုသည်။

ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်က “ဘာကြောင့် သေဆုံးသွားလဲ ဆိုတာတော့ အခုက တာဝန်ရှိတဲ့ KSP ဖြစ်ဖြစ် ဒီလုပ်ငန်းကို တာဝန်ယူထားတဲ့ လူဖြစ်ဖြစ်ပေါ့နော် အဲ့ဒါကိုပဲ ကျနော်တို့ပြန်လွှဲပြီးတော့ စစ်ဆေးခိုင်းတာမျိုးပဲ လုပ်ထားတာ ရှိတယ်ပေ့ါနော် ဟုပြောသည်။

ယခုတွေ့ရှိထားသည့် လူအရိုးစု (ရုပ်အလောင်း) နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ စစ်ဆေးပြီးမှသာ အသေးစိတ်ကို သိရမည်ဟု ကူညီကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်၊ မြို့မ မြောင်းအောက် (ရွှေယောက်) ရပ်ကွက်တွင် ဒေသခံတော်လှန်ရေး တပ်ဖွဲ့များသာ နေထိုင်ပြီ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု ဒေသခံများက ပြောသည်။