ILO ၏ စစ်ကောင်စီအပေါ် အပြင်းထန်ဆုံး အရေးယူမှုကို NUG ကြိုဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) က စစ်ကောင်စီအပေါ်  ပုဒ်မ ၃၃ အရ အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းသည် သမိုင်းဝင်ခြေလှမ်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

အကြမ်းဖက်စစ်အုပ်စုကို ILO Convention Article 33 အရ ပြင်းထန်ထိရောက်စွာ အရေးယူရေး ဆုံးဖြတ်ချက် ကို အမျိုးသား ညီညွတ်ရေးအစိုးရ အနေနဲ့ လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ စစ်အုပ်စုကို အခုလို အရေး ယူမှု ဆုံးဖြတ်ချက် ကျလာရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်ကတည်းက လေးနှစ်တာ ကာ လအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ဦးနေဘုန်းလတ်က ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ် သည့် နိုင်ငံတကာနှင့် ပြည်သူလူထုများအား သတင်းစကား ပြောကြားခြင်း အစီအစဉ်တွင် ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

ILO က ဖွဲ့စည်းပုံပါ အပြင်းထန်ဆုံး အရေးယူမှုဖြစ်သည့် ပုဒ်မ ၃၃ အရ အရေးယူရန်ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန်အတွက် NUG အနေဖြင့် လေးနှစ်နီးပါးကြာ ကြိုးပမ်းခဲ့သည့် သံတမန်ရေးရာ အောင်မြင်မှု တစ်ခုဖြစ်သည်ဟု ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ၌ ဇွန်လ ၅ ရက်နေ့တွင် ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUF) ကလည်း ILO ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက် သည်။

ပုဒ်မ ၃၃ သည် ILO ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အဖွဲ့ဝင်နိုင်ငံတစ်ခု အပေါ် အရေးယူနိုင်သည့် အပြင်းထန်ဆုံး ပြဋ္ဌာန်းချက်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဦးသန်းရွှေ စစ်အာဏာရှင် လက်ထက်တွင်လည်း အဓမ္မ အလုပ်ခိုင်းစေမှုများ နှင့် ပတ်သက်၍ တစ်ကြိမ် အရေးယူခဲ့ဖူးသည်။ 

ယခုတစ်ကြိမ် အရေးယူမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံနေရမှုနှင့် အရပ်ဘက် အဖွဲ့အစည်းများ အပေါ် ဖိနှိပ်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယခုဆုံးဖြတ်ချက် အရ ILO အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေး၊ အထူးသဖြင့် စစ်ရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိခိုက်သွားစေမည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

ဒီဆုံးဖြတ်ချက်အရ အရေးယူမှုတွေမှာ အဓိကအားဖြင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ ILO အဖွဲ့ဝင် နိုင်ငံ တွေ အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ဖို့၊ ပြည်သူလူထု အပေါ်  ဖိနှိပ်အကြမ်းဖက်မှု ဖြစ်စေတဲ့ စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေး၊ စီစဉ်မှုတွေ မပြု လုပ်ဖို့ အစရှိတဲ့ စစ်အုပ်စုအပေါ်  တိုက်ရိုက် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပါဝင်လာမှာ ဖြစ်ပါ တယ်။

၂၀၀၀ ခုနှစ်က အရေးယူခဲ့သော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ရန်သာ ဖြစ်သော်လည်း ထိုစဉ်ကလည်း စစ်အာဏာရှင်တို့အတွက် များစွာအထိနာစေခဲ့သည်။ 

ယခုတစ်ကြိမ်ချမှတ်သည့် ဆုံးဖြတ်ချက်သည် ယခင်ကထက် ပိုမိုပြင်းထန်ပြီး စစ်ကောင်စီ၏ ယန္တရားကို တိုက်ရိုက် ထိခိုက်စေမည့် အရေးယူမှုများ ပါဝင်နေသောကြောင့် ပိုမိုထိရောက်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

NUG အစိုးရအနေဖြင့် ဤဆုံးဖြတ်ချက်ကို ကြိုဆိုရုံသာမက အဖွဲ့ဝင်နိုင်ငံများက ယင်းဆုံးဖြတ်ချက်ပါ အချက် များကို လိုက်နာဆောင်ရွက်ရေးအတွက် ဆက်လက်စောင့်ကြည့် တိုက်တွန်းသွားမည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

ယခုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အားပေး ထောက်ခံမှုကို ပြသလိုက်ခြင်း ဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံတကာစင်မြင့်မှ ဖယ်ထုတ်ရန်နှင့် ၎င်းတို့၏ ရာဇဝတ် မှုများအတွက် တာဝန်ခံမှု ရှိလာစေရန် ဖိအားပေးသည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု NUG က ဆိုသည်။