ခိုးမှုဖြင့် ဖမ်းဆီးထားသူ သေဆုံးမှုအား သိန်း ၁၅၀ ဖြင့် ကျေအေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် ဖမ်းဆီးခံရသူ သေဆုံးမှုအား ကျပ်သိန်း ၁၅၀ လျော်ကြေးဖြင့် ကျေအေးလိုက်ခြင်းအပေါ် ဝေဖန်မှုများရှိနေသည်။
အင်းတော်မြို့နယ်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏ အမှုအား ကျန်ရစ်သူမိသားစုကို ကျပ်သိန်း ၁၅၀ လျော်ကြေးပေး၍ ကျေအေးလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့က အင်းတော်မြို့နယ် ပကဖအဖွဲ့မှ မော်တိတ်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ကိုဇော်ထွေး အမည်ရှိ အမျိုးသားကို ဆိုင်ကယ်ခိုးမှု သံသယဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ညသန်းခေါင်ယံ (၁) နာရီဝန်းကျင်ခန့်တွင် ကိုဇော်ထွေး သေဆုံးသွားခဲ့ကြောင်း မိသားစုအား အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ကိုဇော်ထွေး သေဆုံးစဉ်က ခန္ဓာကိုယ်တွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်ကယ်ပျောက်မှုနဲ့ ပတ်သက်ပြီးတော့ စစ်မေးစရာရှိတယ်ဆိုပြီး ပကဖအဖွဲ့တွေက ဖမ်းခေါ်သွားတယ်။ ည ၁ နာရီကျော် လောက်ကျတော့ မိသားစုကို အကြောင်းကြားလာတယ်တဲ့။ ခေါင်းမှာလည်း ဒဏ်ရာနက်နက်ကြီး တစ်ခုတွေ့တယ်။ တစ်ကိုယ်လုံးလည်း ညိုမည်းနေတယ်။ မျက်နှာတွေလည်း ညိုမည်း။ အဆုတ်ဘက်မှာလည်း ဒဏ်ရာ တွေ တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်း၏ ဦးခေါင်းတွင် ဒဏ်ရာနက်နက်ကြီး တစ်ခုအပြင် တစ်ကိုယ်လုံးနှင့် မျက်နှာများမှာ ညိုမဲနေပြီး အဆုတ် ဘက်တွင်လည်း ဒဏ်ရာများ တွေ့ရသည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက်ပြောကြားသည်။
သေဆုံးသူ ကိုဇော်ထွေးတွင် ဇနီးဖြစ်သူနှင့် အသက် (၅) နှစ်၊ (၉) နှစ်အရွယ် သားငယ်နှစ်ဦး ကျန်ရစ်ခဲ့သည်။
ကိုဇော်ထွေး သေဆုံးပြီးနောက် ရက်ပိုင်းအကြာတွင် ကသာခရိုင် ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံလည်းဖြစ်သည့် သေဆုံးသူ၏ ဦးလေးဖြစ်သူက ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်းမှု၏ ရလဒ်အရ ပကဖအဖွဲ့နှင့် ကျန်ရစ်သူမိသားစုကြားတွင် ငွေကျပ်သိန်း ၁၅၀ ဖြင့် လျော်ကြေးပေးကာ အမှုအား ကျေအေးလိုက်သည်ဟု ဒေသခံသတင်းရင်းမြစ်က အတည်ပြုခဲ့သည်။
“ဒါက ပြဿနာတစ်ခုကို အရေးမယူဘဲ သိုသိုတိတ်တိတ် ငွေပေးပြီးတော့ ကျေအေးခိုင်းလိုက်တဲ့ သဘောမျိုး ပေါ့” ဟု ဒေသခံတစ်ဦးက ဝေဖန်ပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိရောက်သည့် စုံစမ်းစစ်ဆေး အရေးယူမှုများ လုပ်ဆောင်ပေးရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပေါ် စည်းကမ်းပိုင်းဆိုင်ရာ ပိုမိုထိန်းညှိပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။
အင်းတော်မြို့နယ်ကို ပြီးခဲ့သည့် ဧပြီလ (၈) ရက်နေ့တွင် တော်လှန်ရေး အင်အားစုများက စစ်ကော်မရှင်လက်မှ (၈) လကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။