ပါရာမော်တာ တိုက်ခိုက်မှု စစ်ရှောင်တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။ 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ စစ်ကော်မရှင်တပ်၏ စက်တပ်လေထီး (ပါရာမော်တာ) ဗုံးကြဲတိုက်ခိုက်မှု ကြောင့် စစ်ရှောင်တစ်ဦး သေဆုံးသွားသည်။

ဆားလင်းကြီးမြို့နယ်ရှိ ထန်းပုကျေးရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီး (ပါရာမော်တာ) ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံ သတင်းရင်းမြစ်များ ၏ ပြောဆိုချက်အရ သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်တွင် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာသည့် စက်တပ်လေထီး (ပါရာမော်တာ) နှစ်စီးသည် ထန်းပုကျေးရွာကို ဗုံးကြဲချခဲ့ရာ ကျေးရွာဘုန်းကြီး ကျောင်းကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင် လင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူ သေဆုံးခဲ့ရသည်။ 

ထို့အပြင် အခြား ဒေသခံ (၂) ဦးလည်း ထိမှန်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ခြေထောက်ဖြတ်လိုက်ရသည် အထိ ဒဏ်ရာပြင်းထန်သည် ဟု သိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးက ပါရာမော်တာနဲ့က နေ့တိုင်းလိုလို လာကြဲတာပါ။ မနေ့ကလေးတင် လေကြောင်းတိုက်ခိုက်လို့ ၁ ဦးသေတယ်လို့ ကြားသိရတယ်။စစ်ကြောင်းကလည်းထိုးနေတယ်။ ၁၇ ရက်နေ့လောက်ကစပြီးတော့ပေါ့ ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်တပ်သည် အင်အား (၂၀၀) ကျော်ဖြင့် ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးနေခြင်း ဖြစ်သည်။

ထို့အပြင် လေကြောင်းမှ ကင်းထောက် စောင့်ကြည့်မှုများ ပြုလုပ်နေရာကနေ ယခုကဲ့သို့ တိုက်ခိုက်မှုမျိုးကိုပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် ဝမ်ပေါင်ကြေးနီစက်ရုံ အနီးတစ်ဝိုက်ကို အဓိက စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ လှုပ်ရှားမှုကြောင့် ကျေးရွာပေါင်း (၂၀) ကျော်မှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ ကြောင်း စစ်ရှောင်အရေး ဆောင်ရွက်နေသည့် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ပြောသည်။

စစ်ကော်မရှင်တပ်သည် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ရွာစဉ်ပတ် စစ်ရေးလှုပ်ရှားနေခြင်းဖြစ်ပြီး အောက်တိုဘာ လ ၂၁ ရက်နေ့တွင် စစ်ကြောင်းသည် ဆည်တည်းကျေးရွာ တစ်ဝှိုက်တွင် ရှိနေကာ မြို့ပေါ်သို့ ဆက်လက် ဦးတည်နိုင်သည်ဟု စစ်ရေးအခြေအနေ စောင့်ကြည့်နေသူများက သုံးသပ်သည်။

ထို့ကြောင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆားလင်းကြီး – ညောင်ပင်ကြီးလမ်း၊ မုံရွာ -ပုသိမ်လမ်းနှင့် ချင်းတွင်းမြစ်ကြောင်း လမ်းများကို အရေးပေါ်ကိစ္စမှအပ အသုံးမပြုကြရန် သတင်းထုတ်ပြန်ကာ သတိပေးထားသည်။

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ အဖွဲ့