ကရင်နီ စစ်ရှောင်များ အကူအညီလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ထေးကေလျား စစ်ဘေးရှောင်စခန်းအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင် ကူညီရေးအဖွဲ့အစည်း တာဝန်ခံများက ပြောသည်။
ထေးကေလျား စစ်ဘေးရှောင်စခန်းတွင် ၂၀၂၅ ခုနှစ်အတွင်း ဇန္နဝါရီလမှ ယခု ဇွန်လအထိ ဆန် ၁၅ အိတ်သာ ရိက္ခာရရှိထားပြီး လာမည့် ဇူလိုင်အတွက် ရိက္ခာအပါအဝင် ပညာရေးနှင့် အခြားကဏ္ဍများအတွက် အကူအညီ လိုအပ်နေခြင်း ဖြစ်သည်။
Jobs For Kayah (JFK) အဖွဲ့မှ တာဝန်ခံ တစ်ဦးက “လက်ရှိအနေနဲ့တော့ ဆရာမ ထောက်ပံ့ကြေးအနေနဲ့ မရှိဘူး ပေါ့နော်။ သူတို့တွေအနေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကနေပြီးတော့ ကျောင်းဝင်ကြေးလေးရယ်၊ လစဉ်ကြေး လေးရယ် ကောက်ခံဖို့ အတွက်တော့ သူတို့အစည်းဝေး တိုင်ပင်ထားကြတယ်။ ဒါပေမယ့် မလုံလောက်ဘူးပေါ့ နော်။ နောက်တစ်ချက်က တခြားအဖွဲ့အစည်းတွေကလည်း ဆရာမထောက်ပံ့ကြေး ပေးဖို့ကိစ္စလည်း သေသေ ချာချာ တိတိကျကျ စနစ်တကျ ချထားတာမျိုး မရှိသေးဘူးပေါ့နော်” ဟု ပြောသည်။
အဆိုပါ စခန်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင်လည်း ဆရာ ၂ ဦးနှင့် ဆရာမ ၁၀ ဦးရှိပြီး ၎င်းတို့အတွက် စာသင်ဆောင်၊ သင်ထောက်ကူပစ္စည်း၊ စာရေးကိရိယာနှင့် ထောက်ပံ့ကြေးများလည်း လိုအပ်လျက်ရှိသည်ဟု ဆိုသည်။
ထို့အပြင် စခန်းသို့ သွားလာရင်တွင်လည်း ၄၅ မိနစ်ခန့် လမ်းလျှောက်ရသည့်အပြင် ကားဖြင့်လည်း ၂ နာရီခန့် သွားလာရပြီး သဖြင့် စက်သုံးဆီ အကူအညီလည်း လိုအပ်သည်ဟု အကူအညီပေးနေသူ တစ်ဦးက ဆက် ပြော သည်။
“ကျနော်တို့ ပြည်နယ်မှာ စက်သုံးဆီ ပြတ်တောက်တဲ့ အပြင်ကို ရောက်လာရင်လည်း အနည်းကျဉ်းတော့ ရောက်လာတာပေါ့။ ဒါပေမယ့် ဆီကတော့ အဆမတန်ကြေးမြင့်နေတယ်ပေါ့နော်။ ၅ ဂါလံတစ်ပုံးကို တစ်သိန်း ကျော် တစ်သိန်းခွဲလောက် အထိ ရှိနေပြီပေါ့နော်။ ဆီတစ်ပီပါဆိုရင် ၁၅ သိန်းလောက် ပေါက်နေတယ်ပေါ့နော်။ အဲ့ဒါ ကြောင့်မို့ ကျနော်တို့ အကူအညီလုပ်ရမှာလည်း တော်တော်လေး အခက်အခဲ ဖြစ်တယ်ပေါ့နော်။ တခြား ကဏ္ဍတွေလည်း အများကြီး အခက်အခဲဖြစ်တယ်ပေါ့။ ကျနော်တို့ဆို ဥပမာ စစ်ဘေးရှောင်တွေကို ရိက္ခာ သွား ပို့တာပဲ ဖြစ်ဖြစ် ကွင်းဆင်းတာပဲ ဖြစ်ဖြစ် သွားဖို့တောင်မှ ဆီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး စဉ်း စားနေရတဲ့ အနေအထား ဖြစ်တယ်ပေါ့နော်။”
လက်ရှိ စခန်းလူဦးရေ စာရင်းအရ အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၅၆၃ ဦး ရှိပြီး သက်ကြီးရွယ်အို၊ နာတာရှည် ရောဂါသည်နှင့် မသန်စွမ်းများလည်း ပါဝင်သဖြင့် ဆေးဝါး အကူအညီများလည်း လိုအပ်နေကြသည်ဟု ဆိုကြ သည်။
ထေးကေလျားစခန်းရှိ စစ်ဘေးရှောင်များမှာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်၊ လွိုင်ကော်မြို့နယ်တွင်းရှိ ကျေးရွာများ နှင့် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် မိုးဗြဲမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ စစ်ရှောင်လာကြသူများ ဖြစ် သည်။
အများစုမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၌ စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေး ကာလများ ကတည်း က လာရောက်ခိုလှုံကြသည်ဟု စစ်ဘေးရှောင် ကူညီရေး တာဝန်ခံများက ပြောသည်။