ဒီးမော့ဆိုတွင် စက်သုံးဆီ ပြတ်လပ်လာသဖြင့် အဆမတန် ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်။ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့တွင် စက်သုံးဆီဈေး အဆမတန် မြင့်တက်နေမှုနှင့် ပြတ်လပ်မှုများကြောင့် စစ်ဘေး ရှောင်များ အခက်အခဲ ဖြစ်နေကြသည်။

ဇွန်လ တတိယပတ်အတွင်း စက်သုံးဆီ သယ်ယူသည့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်များ စစ်ကြောင်းထိုးနေသဖြင့် အဝင်လျော့နည်းလာသောကြောင့် ဆီပြတ်လပ်မှု က ပို၍ ဆိုးရွားလာနေသည်ဟု ဆိုကြသည်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း တာဝန်ခံ အမျိုးသမီးတစ်ဦးက ဝယ်လို့ မရတာတော့ မဟုတ် ဘူး။ လိုသလောက် မရတော့ သွားရေးလာရေး ခက်ခဲတာပေါ့။ စစ်ရှောင်စခန်းဆိုတော့ ကိစ္စများတယ်လေ။ တော်လှန်ရေးတပ်လိုလို ဘာလိုလိုနဲ့ တချို့ အရပ်သား လက်နက်ကိုင်တွေ ဆိုရင် လိုသလောက်ရတယ်။ တကယ် က တော်လှန်ရေးဘက်ကလည်း မဟုတ်ဘူး။ ပြီးတော့ တချို့ အဖွဲ့အစည်းနဲ့ ပိုင်တဲ့ သူဌေးတွေပေါ့ သူတို့က တော့ လိုသလောက် ရတယ်ဟု‌ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် စက်သုံးဆီဈေး အဆမတန် မြင့်တက်လျက်ရှိပြီး လိုအပ်သလောက်ဝယ်ယူရန် အခက်အခဲ ဖြစ်နေသည်ဟု စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ အရှေ့ပိုင်းကာလများ၌ ၉၂ တစ်လီတာလျှင် ၅၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေး ရှိခဲ့သော်လည်း ယနေ့ (ဇွန် ၁၈) ရောင်းချသည့် ဈေးနှုန်းများအရ ဒီးမော့ဆိုမြို့နယ်တွင် ၈ ထောင်ကျပ်မှ တစ်သောင်းကျပ်အထိ ဈေးနှုန်းမြင့်တက်လျက် ရှိသည်ဟု ဆိုသည်။

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ တစ်ပတ်လျှင် ဓါတ်ဆီ ၃ ဂါလံနှုန်းခန့် ကုန်ကျနေပြီး လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင် အများစုမှာ ပိတ်ထားသဖြင့် မှောင်ခိုလမ်းကြောင်းများမှ အခက်အခဲများစွာဖြင့် သယ်ယူနေရသည်ဟု ဆိုသည်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ အသက် ၃၂ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ဆီပြတ်တာတော့ အရင်ကလည်း ပြတ်ဖူးပါတယ်။ ဒီတခေါက်လောက်တော့ မဆိုးဘူး။ စစ်ကြောင်းထိုးတာ တစ်ခုတည်းတော့ မဟုတ်ဘူး ထင်တယ်။ မိုးတွင်းက ကားကြီးမောင်းတော့ လမ်းတွေ ပျက်တယ်လေ။ နောက်ထပ်လာတဲ့ ဆီဘောက်ဆာကားတွေလည်း ပျက်တော့ ကုမ္မဏီဖက်က ပေးမသွားတော့တာ ထင်တယ်။ တချိန်လုံး ဒိုင်းဒိုင်းနဲ့ ချနေတော့ မလာရဲတာလည်း ပါမှာပေါ့ ဟု ပြောသည်။

ဇွန်လ ၁၆ ရက်နေ့မှစ၍ စက်သုံးဆီ အဓိက ဝင်ရောက်သည့် တောင်ငူ – ဒီးမော့ဆို လမ်းအား စစ်ကောင်စီပိတ်မှ ပိတ်ထားသည့်အပြင် ပင်လောင်း – လွိုင်ကော် လမ်းတစ်လျှောက်၌လည်း မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ သဖြင့် စက်သုံးဆီ ဈေးကျရန် လတ်တလော မဖြစ်နိုင်သေးဘူးဟု မြေပြင် စစ်ရေး အရင်းအမြစ်များက ခန့်မှန်း ထားကြသည်။ 

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်စခန်းပေါင်း ၁၀၀ ကျော်အထိ ရှိပြီး ၎င်းတို့အနက် စခန်း ၃၀ ဝန်းကျင်ခန့်က စက်သုံးဆီ ပြတ်လပ်လာခြင်းကြောင့် အလှူရှင် နည်းပါးလာခြင်း၊ ရိက္ခာ များသယ်ယူသည့် အချိန်တွင် စက်သုံးဆီ မလုံလောက်ခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။