စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦး ဘက်ပြောင်းခိုလှုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် နှစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်ရင်းများထံသို့ ဘက်ပြောင်း ခိုလှုံလာသည်ဟု သက်ဆိုင်ရာ တပ်ရင်းများက သတင်းထုတ်ပြန်ထားသည်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဘုတ်ခြံကျေးရွာ အခြေစိုက် အမှတ် – ၁၇ ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးနှင့် စာရေး (အကူ) တစ်ဦးတို့ ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်သည်။
မြိတ်ခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက “ဒုတပ်ကြပ် လုပ်တဲ့သူက အသက်က ၂၈ နှစ်ရှိပြီ။ ၂၀၁၇ ခုနှစ်က
တည်းက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာပါ၊ နောက်တစ်ဦးကတော့ မဲပေါက်ပြီး စစ်မှုထမ်း အပတ်စဉ် ၂ မှာ သင်တန်းတက်ခဲ့ရတာ၊ အသက်က ၂၀ နှစ်ပါ” ဟု ပြောသည်။
လက်နက်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ ထံသို့ ဇွန်လ ၂၁ ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာသည်။
မြိတ်ခရိုင် တပ်ရင်း ၁ ထံသို့ လာရောက်ခိုလှုံသူ နှစ်ဦးတွင် MA-1 ရိုင်ဖယ် (၁) လက်၊ MA-2 စက်ကလေး (၁) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ M-14 နင်းမိုင်း (၁) ခု၊ ကျည်ဘောက် (၁၅)ခု၊ ကပစထုတ် ၅.၅၆ ကျည် (၇၉ဝ) တောင့်တို့ကို ယူဆောင်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိတွင် ခိုလှုံလာသူနှစ်ဦးကို တပ်ရင်းအတွင်း စောင့်ရှောက်ထားကာ စိစစ်မှုများပြုလုပ်နေပြီး လက်နက်များ ယူဆောင်လာခဲ့သဖြင့် ဆုငွေ ချီးမြှင့်နိုင်ရန်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု ဆိုသည်။
ထို့အပြင် ဇွန်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦး လက်နက်မပါရှိဘဲ ထွက်ပြေးလာကာ ဘက်ပြောင်းခိုလှုံလာသည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃ ကလည်း ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဘက်ပြောင်းခိုလှုံလာသူ တပ်ကြပ်ကြီးသည် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် ၅၆၁ စစ်ကောင်စီ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်းသက်တမ်း ၅ နှစ်ရှိသူ ဖြစ်သည်။
မြိတ်ခရိုင်တပ်ရင်း ၃ ၏ တပ်ကြပ်ကြီးအား စစ်ဆေးမေးမြန်းချက်များ အရ စစ်ကောင်စီ၏ တပ်တွင်းရှိ အရာရှိ များက တစ်ကိုယ်ကောင်းဆန်လွန်းပြီး လက်အောက်ငယ်သားများ အပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုများကို မခံနိုင်၍ ထွက်ပြေး အလင်းဝင်လာခြင်း ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။