တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးကျော် ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာလေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် FTC-2000G အမျိုးအစား တိုက်လေယာဉ်သည် တကူကျေးရွာရှိ ဈေးအနီးရှိ မီးသတ်ရုံး အဆောက်အအုံကို ပစ်မှတ်ထား၍ လာရောက် ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး၊ စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်တစ်ဦး အပါအဝင် ရွာသား ၁၀ ဦးထက်မနည်း ပါဝင်ပြီး၊ ၎င်းတို့အနက် ၅ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိနေသည်။

အသက် ၄၀ ခန့်အရွယ် ဒေသခံရွာသားတစ်ဦးက မီးသတ်ရုံးမှာ လူမရှိလို့ တော်သေးတယ်။ ယောက်ျား တွေရော၊ မိန်းမတွေပါ ဈေးသွားဈေးပြန် လုပ်သူတွေ ထိတာများတယ်။ လေယာဉ်က နောက်ထပ် ပြန်တက် လာနေလို့ ရွာသားတွေ ဗုံးခိုကျင်းတွေထဲမှာ ပုန်းနေကြရတယ် ဟု ပြောသည်။ 

၎င်း၏ အဆိုအရ မီးသတ်ရုံး အဆောက်အအုံ၏ အရှေ့ဘက်မျက်နှာပြင် တစ်ခြမ်းလုံး ထိခိုက်ပျက်စီးသွားခဲ့ သည်ဟု ဆိုသည်။ 

တနင်္သာရီမြို့နယ် အတွင်းရှိ တကူကျေးရွာသည် လက်ရှိတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDF) စိုးမိုးထား သည့် နယ်မြေဖြစ်ပြီး၊ စစ်ကောင်စီတပ်က ရွာကို စားသောက်ကုန် ရိက္ခာများနှင့် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်ဟုလည်း တကူရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် တကူကျေးရွာကို ဗုံးမကြဲမီ နံနက် ၈ နာရီခန့်တွင်လည်း ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်အမျိုးသား အစည်း အရုံး KNU ထိန်းချုပ်နယ်မြေ ဖြစ်သော ထီးခီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

ထီးခီးကျေးရွာကို FTC-2000G အမျိုးအစား ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲချကာ စက်သေနတ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း KNU မြိတ် – ထားဝယ်ခရိုင်မှ ထုတ်ပြန်ထားသည်။