စစ်မှုထမ်း တပ်သားသစ် ၅ ဦး KNU ထံ ဘက်ပြောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံရပြီး တနင်္သာရီမြို့နယ်ဘက်သို့ ရောက်ရှိနေသည့် စစ်ကောင်စီ တပ်သား ၅ ဦး ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ ထံ ဘက်ပြောင်း ခိုလှုံလာသည်။
KNU တပ်မဟာ ၄၊ လက်အောက်ခံ KNLA တပ်ရင်း ၁၁ ထံဘက်ပြောင်း ခိုလှုံ လာခြင်း ဖြစ်သည်ဟု မြိတ် – ထားဝယ်ခရိုင် ၏ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သည့် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာရှိ ရော်ဘာခြံတစ်ခုတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးမှာ လက်နက်အချို့နှင့်အတူ ဇူလိုင်လ ၅ ရက်နေ့က ဘက်ပြောင်း ခိုလှုံလာခြင်း ဖြစ်သည်။
KNLA တပ်ရင်း ၁၁ မှ တာဝန်ရှိသူက “စစ်ကောင်စီရဲ့ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းမှ ထားဝယ်သား အသက် ၂၃ နှစ်အရွယ် စစ်ကောင်စီ တပ်သားနဲ့ ရန်ကုန်ဘက်က အသက် ၃၂ နှစ်အရွယ် စစ်ကောင်စီတပ်သား နှစ်ယောက် က MA-1 သေနတ် နှစ်လက်၊ ကျည်ဘောက် ၇ ခု နဲ့ ကျည် ၁၉၈ တောင့်ပါလာတယ်၊ ကျန်တဲ့ သုံးယောက် တော့ လက်နက်မပါလာဘူး” ဟု ပြောသည်။
ထွက်ပြေးခိုလှုံလာသူများမှာ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီ၏ တန်းမြင့် လေ့ကျင်းရေး သင်တန်းကျောင်း (တိုင်းဗဟို) ၁၂ တွင် အပတ်စဥ် ၈ သင်တန်း တက်ရောက်ခဲ့ရသူများ ဖြစ်သည်ဟု ဆိုသည်။
ထားဝယ်မြို့နယ်မှ နှစ်ဦး၊ မြိတ်မြို့နယ်မှ တစ်ဦး၊ ရန်ကုန်တိုင်းမှ တစ်ဦး၊ မြဝတီမြို့မှ တစ်ဦး တို့ ဖြစ်သည်ဟု KNLA တပ်ရင်း ၁၁ မှ တာဝန်ရှိသူက ဆိုသည်။
၎င်းတို့အနေက် စစ်ကောင်စီ တပ်သားသုံးဦးမှာ အမှတ် ၁၀၃ ခြေလျင်တပ်ရင်း မြိတ်မြို့မှ တစ်ဦးနှင့် ထားဝယ် (ပင်လယ်ပြင် စိုးမိုးရေး) အမှတ်၂၆၇ ခြေလျင်တပ်ရင်းမှ နှစ်ဦးတို့ ဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်များ ဖြစ်ကြကြောင်း ဆိုသည်။
ထွက်ပြေးလာသူများထဲမှ တပ်သားနှစ်ဦးမှာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ပြန်ပို့ခံရသူများ ဖြစ်ကြပြီး ကျန်သုံးဦးမှာ ပေါ်တာဆွဲခံရသူများ ဖြစ်ကြသည်။
တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ပထမပတ်အတွင်းမှာပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံ လာသည့် စစ်ကောင်စီတပ်သား ခုနှစ်ဦး အထိ ရှိလာပြီဖြစ်သည်။