စစ်ကောင်စီ တပ်ဖွဲ့များအနီးတွင် မနေကြရန် စလင်းကျားပေါက် အဖွဲ့ သတိပေး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။ 

စစ်ကောင်စီ စစ်ကြောင်းများအနီး မနေကြရန်နှင့် ပြောက်ကျား စစ်ဆင်ရေး အောင်မြင်ရန်အတွက် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် စလင်း ကျားပေါက်အဖွဲ့ သတိပေး ထုတ်ပြန်လာသည်။

မကွေးတိုင်း၊ မင်းဘူးခရိုင် မြောက်ပိုင်း၊ စလင်းမြို့နယ် အခြေစိုက် စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့မှ စစ်ဆင်ရေး ရာနှုန်းပြည့်အောင်မြင်ရန်အတွက် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် သတိပေးထုတ်ပြန်လိုက်သည်။

စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ကျနော်တို့ အနေနဲ့ကလည်း မည်သည့် နေရာမဆို ခွေး(စစ်ကောင်စီ) စစ်ကြောင်းတွေကို ဖောက်ခွဲတိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေက လည်း ခွေးစစ်ကြောင်းနဲ့ အနီးစပ်ဆုံးနေရာတွေမှာ သွားလာဖြတ်ခြင်း လုပ်ဆောင်ခြင်း မရှိဖို့နဲ့ ပြုမူနေထိုင်ခြင်း မရှိဖို့အတွက်ကို ကျနော်တို့ကတော့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ် ခင်ဗျာ ဟု ပြောသည်။

စလင်းမြို့နယ်ရှိ ပြည်သူများမှာ စစ်ကောင်စီနှင့် နီးကပ်စွာ သွားလာ လှုပ်ရှားနေရသဖြင့် ထိခိုက်မှု မရှိစေရေး အတွက် ဇူလိုင်လ ၇ ရက်နေ့တွင် သတိပေး ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် အချိန်ခန့်တွင် စလင်းမြို့နယ်၊ ထန်းလေးပင်ကုန်းအထွက်၊ ညောင် ပင်သာကျောင်းဘေး၌ ပေါ်တာဆွဲနေသည့် အင်အား ၅၀ ပါ စစ်ကောင်စီ တပ်စုအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည် ဟု စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောသည်။

သို့သော် ယင်းနေရာ၌ ပြည်သူများမှာ စစ်ကောင်စီတပ်နှင့် နီးကပ်စွာ ရှိနေသဖြင့် အချိန်မီ ဖောက်ခွဲခြင်း မပြုနိုင် ဘဲ အနည်းငယ် နောက်ကျခဲ့ရသည်ဟု ကိုပြည်သူက ဆက် ပြောသည်။

ဆိုင်ကယ်တွေနဲ့ ကားတွေနဲ့ရော ဆိုတော့ ပြည်သူတွေက အနားမှာရှိတော့ ကျနော်တို့ မိုင်းကို တစ်လုံးပဲ ခွဲခဲ့ရ တာပေါ့။ အပြင်းစား မိုင်းကိုတော့ မခွဲလိုက်ရဘူးပေါ့။ မိုင်း ၂ လုံးဆင်တဲ့အထဲမှာ နည်းနည်း ကပ်သီလေးပါတဲ့ မိုင်းတစ်လုံးပဲ ရှိသေးတာပေါ့။ အဲဒီထဲမှာ ပြည်သူတွေက ခွေးနဲ့ အနီးစပ်ဆုံးနေရာ ဖြစ်နေတော့ ကျနော်တို့က ထင်သလို မိုင်းကို ခွဲလို့ မရဘူးပေါ့။ ပြည်သူတွေ အခြေအနေ ကြည့်ပြီးမှ ခွဲခဲ့ရတာဆိုတော့ ထိခိုက်သေဆုံးမှုက တော့ ခွေးတွေဖက်က မရှိခဲ့ပါဘူးဗျာ။

စစ်ဆင်ရေး အပြီးတွင် အနီးနားရှိ ပြည်သူများအား ရိုက်နှက် စစ်ဆေးခဲ့ပြီး ထန်းလေးပင်ကုန်း ဒေသခံ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ ရှိသူ အချို့က ပြောသည်။

လာမည့် ရက်ပိုင်းများအတွင်း အကြီးစား စစ်ဆင်ရေးအဖြစ် စစ်ကောင်စီက သွားလာလှုပ်ရှားနေသည့် နေရာများ အား အချိန်၊ နေရာမရွေး ဖောက်ခွဲတိုက်ခိုက်သွားမည် ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီ တပ်ဖွဲ့ များ၏ အနီးနားတွင် လှုပ်ရှားသွားလာခြင်း မလုပ်ကြရန် စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့ စစ်ရေးဖော်ဆောင် သူများက ပြင်းပြင်းထန်ထန် သတိပေးထားသည်။

ဇူလိုင်လ ၄ ရက်နေ့၊ ညကလည်း စလင်းမြို့ တောင်ဘက်အထွက်၊ အားကစားကွင်းဘေးတွင် စစ်ကောင်စီ တပ်ဖွဲ့ တင် ၁၅ ဦးဝန်းကျင် ရှိနေသည့် ဂိတ်စခန်း တစ်ခုအား အပြင်းစားမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် ၆ ဦးခန့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။