ရေဖြူတွင် စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ပူးပေါင်းတပ်ဖွဲ့များက ရေဖြူမြို့နယ်တွင် ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ ဦး သေဆုံး ၄ ဦးကို အရှင်ဖမ်းမိခဲ့ကြသည်။
ရေဖြူမြို့နယ်ထဲက ထိုင်း – မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ တပ်ခွဲမှူး ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ ဦး၊ သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့သည်ဟု KNU ၏ မြိတ် – ထားဝယ် ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အရှင်ဖမ်းမိသူများထဲ တစ်ဦးမှာ တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာများ ရရှိထား၍ ဆေးကုသမှု ပေးနေရသည်ဟု KNU မြိတ် – ထားဝယ် ခရိုင်မှ တာဝန်ရှိသူက ပြောသည်။
KNU တပ်မဟာ ၄ တာဝန်ရှိသူက “ဒဏ်ရာနဲ့သူကိုတော့ ဆေးကုသ ပေးထားပြီး ဖမ်းမိထားတဲ့ သူတွေအကုန်လုံးကို နိုင်ငံတကာ စစ်သုံ့ပန်း ကျင့်ဝတ်တွေနဲ့အညီ စောင့်ရှောက်ထားပါတယ်၊ ပူးပေါင်း တပ်ဖွဲ့ဝင်တွေဘက်က တော့ အထိအခိုက် မရှိပါဘူး” ဟု ပြောသည်။
ထိုင်း – မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းအား KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ဗိုလ်မှူး အောင်ကိုဟိန်း အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး သေနတ် ၂ လက်ကို သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၁ ရက်နေ့ နှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် နတ်အိမ်တောင်စခန်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ကလိန်အောင်တပ်နယ်မှ တပ်ရင်း ၅ ရင်းဖြင့် ပူးပေါင်းထားသည့် စစ်ကြောင်းကို KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ဇူလိုင်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တွင်လည်း အဆိုပါ စစ်ကြောင်းအား KNLA တပ်မဟာ ၄၊ တပ်မဟာ ၆၊ အထူးဗျူဟာ ၂ နှင့် ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့သေးကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ထိုသို့ လိုက်လံ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ တပ်သား ၄ ဦးကို အရှင်ဖမ်းမိခဲ့သည့် အပြင် လက်နက်ခဲယမ်း များကိုလည်း သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီ၏ စစ်ကြောင်းတွင် ကမ်းရိုးတမ်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ – ၂၇၃၊ ခလရ – ၂၈၂၊ ခမရ – ၄ဝ၈၊ ခမရ – ၄၀၉ နှင့် ခမရ – ၄၁ဝ စသည့် တပ်ရင်း ၅ ရင်းဖြင့် ဖွဲ့စည်းထားသည်။
အဆိုပါ စစ်ကြောင်းမှာ ဇူလိုင်လ ပထမပတ်မှ စတင်ပြီး နတ်အိမ်တောင်စခန်း ဧရိယာထဲသို့ စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်။