ရေဖြူမြို့နယ်အတွင်း ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်။ 

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ရာဖူးကျေးရွာတွင် ရော်ဘာခြံလုပ်သားတစ်ဦး မိုင်းနင်း မိပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ခြေထောက်တစ်ဖက် ဖြတ်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၈ ရက် နံနက်ပိုင်းက ရာဖူးရွာဟောင်းဘက်ရှိ ကားလမ်းဘေးမှ ခြံအတွင်းသို့ အသက် ၃၀ ခန့်အရွယ် ခြံလုပ်သားတစ်ဦး အလုပ်လုပ်ရန် သွားလာနေစဉ် မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် ၎င်းမှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ရေးမြို့ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ် ဆေးကုသမှု ခံယူနေရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက မိုင်းနင်းမိတဲ့သူမှာ အပြင်းအထန် ဒဏ်ရာရ ရှိခဲ့တာ၊ ခြေထောက်တစ်ဖက်ကတော့ ဖြတ်ပစ်ရမဲ့ အခြေအနေထိ ရှိနေတယ် ဟု ပြောသည်။

ရာဖူးကျေးရွာဝန်းကျင်တွင် ယခုဧပြီလအတွင်း၌ပင် မိုင်းပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံ များမှာ ဥယျာဉ်ခြံလုပ်ငန်းခွင်သို့ သွားရောက်ရန် စိုးရိမ်ထိတ်လန့်နေကြသည်။ 

ဧပြီလ ၁၁ ရက်နေ့ကလည်း ရာဖူးကျေးရွာရှိ ရော်ဘာခြံတစ်ခုအတွင်း ရေပိုက်လိုင်း ပြုပြင်ရန်သွားသည့် အလုပ် သမား မိသားစုတစ်စု မိုင်းနင်းမိခဲ့ပြီး ကလေးငယ်များ အပါအဝင် မိသားစုဝင် ၅ ဦးစလုံး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် ဧပြီလဆန်းပိုင်းကလည်း ရာဖူးကျေးရွာအနီးရှိ သာယာမွန်ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦး ခြံအတွင်းသို့ ဆိုင်ကယ်ဖြင့် သွားလာစဉ် မိုင်းနင်းမိခဲ့ရာ လူထိခိုက်မှု မရှိခဲ့သော်လည်း ဆိုင်ကယ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်း ဧပြီလတစ်လတည်းမှာပင် မိုင်းပေါက်ကွဲမှု သုံးကြိမ်အထိ ရှိလာခဲ့ပြီး အဆိုပါ ဖြစ်စဉ်များ အတွင်း ကလေးငယ်တစ်ဦး သေဆုံးကာ၊ ခြေတစ်ဖက် ဆုံးရှုံးရသူတစ်ဦး အပါအဝင် စုစုပေါင်း ၈ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီ ဖြစ်သည်။ 

ထိုသို့ စိုက်ပျိုးရေးခြံများအတွင်း မိုင်းအန္တရာယ် များပြားလာခြင်းက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များအပေါ် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။