ရေတပ်က ဖမ်းထားသော ကျန်းမာရေး ဝန်ထမ်းများ ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်။ 

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ်က ဖမ်းဆီး ထိန်းသိမ်းထားသည့် ကျန်းမာရေး ဝန်ထမ်းဟောင်း ၂ ဦး မိသားစုဝင်များအတူ ပြန်လွတ်လာသည်။

ရေဖြူမြို့နယ်၊ လှည်းကုန်းရပ်ကွက်မှ ကျန်းမာရေး ဝန်ထမ်းဟောင်း ၂ ဦး အပါအဝင် မိသားစုဝင်များ ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ရပ်ကွက်သားများက ပြောသည်။

လှည်းကုန်း အမှတ် ၂ ရပ်ကွက်မှ အသက် ၄၀ ခန့်အရွယ် ရပ်ကွက်သားတစ်ဦးက အမှတ် ၁ ရပ်ကွက်က ဆရာမ ဒေါ်သန်းသန်းမော်တို့ မိသားစု ၃ ယောက်နဲ့ အမှတ် ၂ ရပ်ကွက်က ဆရာ ဦးကျော်စိုးဝင်းတို့ အားလုံး ပြန်လွတ် လာပါပြီ၊ ကျန်းမာရေးလည်း အားလုံးကောင်းကြပါတယ် ဟု ပြောသည်။

ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်ကျော် အကြာ ဇွန်လ ၁၆ ရက်နေ့ မွန်းတည့်ပိုင်းက ပြန်လည် လွတ်မြောက် လာခြင်းဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။ 

ကံပေါက်တိုက်နယ်ဆေးရုံမှ အငြိမ်းစား သူနာပြုဆရာမ ဒေါ်သန်းသန်းမော်နှင့် မိသားစုဝင်များ ဖြစ်ကြသည့် သားနှင့် သမီးအပါအဝင် တိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းဟောင်း ဦးကျော်စိုးဝင်း တို့ကို မောရဝတီ ရေတပ်က မေလ ၃၀ ရက်နေ့ ညပိုင်းတွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဆရာ ဦးကျော်စိုးဝင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သဖြင့် ကျန်းမာရေးဌာနမှ အနားပေးခံခဲ့ရသူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် အမှတ် ၂ ရပ်ကွက် ထဲ၌ ဆေးခန်းဖွင့်ထားသည်။

၂၀၂၄ ခုနှစ် သြဂုတ်လက စတင်ပြီး စစ်ကောင်စီ၏ မောရဝတီရေတပ်မှ ကံပေါက်ကျေးရွာအဝင် စစ်ဆေးရေး ဂိတ်တွင် ဆေးဝါး တင်သွင်းခြင်းများကို စည်းကမ်း တင်းကြပ်ထားပြီး ဆေးဝါးများ ရောင်းချလိုပါက စာရင်း တင်ပြပေးကာ ခွင့်ပြု ချက်ရယူနေ ကြရသည်ဟု ရွာသားများက ဆိုသည်။

စစ်အာဏာသိမ်းပြီးသည့်နောက် ၂၀၂၂ ခုနှစ်မှ စတင်၍ ကံပေါက်ဒေသတွင် ဖမ်းဆီးစစ်ဆေးမှုများကို မောရဝတီ ရေတပ်မှ တိုက်ရိုက် လုပ်ဆောင်လေ့ရှိသည်။

ထို့အပြင် ဖမ်းဆီးခံရသူများကို ကံပေါက်နယ်မြေ ရဲစခန်း အချုပ်တွင် မထားဘဲ မောရဝတီ ရေတပ်အတွင်းမှာပင် ဖမ်းဆီးစစ်ဆေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။