ကော်သူးလေ အစိုးရကို တော်လှန်ရေး အင်အားစုများဖြင့် ညွန့်ပေါင်း ဖွဲ့စည်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
ကရင်အမျိုးသား အစည်းအရုံး (KNU) က ဖွဲ့စည်းမည့် ကော်သူးလေ အစိုးရတွင် တော်လှန်ရေး အင်အားစု အားလုံး ပါဝင်မည်ဖြစ်ပြီး ညွန့်ပေါင်းအစိုးရ ပုံစံဖြင့် ဖွဲ့စည်းသွားမည်ဟု KNU က ပြောသည်။
အနာဂတ်တွင် ဖွဲ့စည်းမည့် ကော်သူးလေ အစိုးရသည် ကရင်လူမျိုးကိုသာ ကိုယ်စားပြုမည် မဟုတ်ဘဲ၊ တော်လှန် ရေး အင်အားစုအားလုံး ပါဝင်သည့် ‘KNU Plus’ ညွန့်ပေါင်းအစိုးရ ပုံစံဖြင့် ဖွဲ့စည်းသွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ပဒိုစောတောနီးက “KNU ကတော့ ဦးဆောင်တဲ့ နေရာမှာ ရှိဦးမယ်ဆိုပေမယ့်လို့ တခြားလူတွေလည်း ပါမယ်။ ဆိုလို တာကတော့ ကရင်မဟုတ်တဲ့ တခြားလူမျိုးတွေလည်း ကျနော်တို့ ဒီအဖွဲ့ထဲမှာ၊ ဒီကော်သူးလေထဲမှာ ပေါင်း ဝင်လာမယ်” ဟု ပြောသည်။
အဆိုပါ ပြောဆိုမှုကို ဇွန်လ ၁၄ ရက်နေ့က ကျရောက်သည့် ၇၆ ကြိမ်မြောက် ကော်သူးလေနေ့တွင် ကော်သူး လေ ဖက်ဒရယ်ယူနစ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် ပဒိုစောတောနီးက ထည့်သွင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။
‘KNU Plus’ မဟာဗျူဟာတွင် KNU က ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သော်လည်း ကရင်မဟုတ် သည့် အခြားသော တိုင်းရင်းသားများ၊ လူငယ်များ၊ အမျိုးသမီး အစုအဖွဲ့များနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကိုပါ ထည့်သွင်းသွားမည်ဟု KNU က ဆိုသည်။
ဖွဲ့စည်းမည့် အုပ်ချုပ်ရေးယန္တရားတွင်လည်း အားလုံးပါဝင်သည့် ဥပဒေပြု ကောင်စီ (Kawthoolei Consultative Council – KCC) နှင့် အလုပ်အမှုဆောင် ကော်မတီ (Kawthoolei Executive Committee – KEC) တို့ ပါဝင် မည်ဖြစ်ပြီး KEC က အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို တာဝန်ယူမည်ဟု ပဒိုစောတောနီးက ဆက်ပြောသည်။
၎င်းက “ဒါဟာ တကယ့်ကို အောက်ခြေက စုစည်းလာပြီးတော့ ကျနော်တို့ ပြည်ထောင်စုကို တည်ဆောက် မယ် ဆိုတာ ဒါ အလကား ကျနော်တို့ ထိုးခွဲပြီးတော့ အစိတ်စိတ် အမွှာမွှာ ဖြစ်အောင်လုပ်တဲ့ နည်းတွေ မဟုတ်ဘူး။ အားလုံး ပါဝင်နိုင်တဲ့ (inclusiveness) နေရာကနေ ကျနော်တို့ ဖော်ဆောင်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ကော်သူးလေ အစိုးရကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဖွဲ့စည်းရန် ရည်မှန်းထားသော်လည်း ခိုင်မာသော မူဝါဒများနှင့် လူသား အရင်းအမြစ်များ ပြင်ဆင်ရန် အချိန်ယူ လုပ်ဆောင်ရမည့် စိန်ခေါ်ချက်များ ရှိနေဆဲဟု KNU က ဆိုသည်။
သို့သော် ကရင်အမျိုးသား အစည်းအရုံး KNU ၏ ‘KNU Plus’ မဟာဗျူဟာသည် နွေဦးတော်လှန်ရေး၏ ညီ ညွတ်မှုကို အခြေခံသည့် အုပ်ချုပ်ရေး ယန္တရားတစ်ရပ် တည်ဆောက်ရန်အတွက် ရည်ရွယ်ထားသည် ဟု ဆို သည်။
KNU ၏ လက်ရှိ နိုင်ငံရေး ချဉ်းကပ်မှုသည် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့ကျသော ရှေ့ပြေးပုံစံတစ်ခု ဖြစ်လာနိုင်ပြီး လူမျိုးရေးထက် နိုင်ငံရေးရည်မှန်းချက်တူသူများ စုပေါင်း အုပ်ချုပ်သည့်စနစ်ကို ဖော်ဆောင်လိုသည့် သဘောထားကို ထင်ဟပ်နေသည်ဟု နိုင်ငံရေးလေ့လာသူများ က သုံးသပ်ကြသည်။