တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။ 

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရာဖူးကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။

စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရာဖူးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် သမီးလေး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။ 

စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် ရပ်ရွာထဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ရာဖူးကျေးရွာ အလယ်ပိုင်းရှိ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကာ နေထိုင်ကြသည့် ပဲခူးတိုင်းမှ မိသားစု၏ နေအိမ်ပေါ် သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ဆိုသည်။  

ထို့အပြင် အိမ်သို့ အလည်ရောက်ရှိနေသူ ရာဖူးရွာသား အသက် ၄၀ အရွယ် ကိုဝင်းရွှေ ဆိုသူလည်း ကျည်စ ထိမှန်ပြီး ခြေထောက်တစ်ဖက် အရိုးကျိုး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

ပစ်ခတ်မှုမတိုင်မီ စက်တင်ဘာလ ၇ ရက်နေ့၊ ညပိုင်းတွင် ရာဖူးရွာသား ၁၀ ဦး ထက်မနည်းကို စစ်ကော်မရှင် တပ်က ဖမ်းဆီးသွားခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။ 

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ဖမ်းထားတာ ဆယ်ယောက်ကျော်တယ်၊ အသိမိတ်ဆွေတို့ သားအမိ နှစ်ယောက်လုံးပါသွားတာ၊ အခုလက်ရှိ ရာဖူးရွာအထက်တန်းကျောင်းထဲမှာ ဖမ်းထားတယ် ဟု ပြောသည်။ 

စက်တင်ဘာလ ၈ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးထားသည့် ရွာသားများနှင့်အတူ စစ်ကော်မရှင်တပ်ဖွဲ့မှာ ရာဖူးကျေးရွာထဲသို့ ဝင်ရောက်လာခဲ့သည်ဟု ရွာသားများက ပြောသည်။ 

ရာဖူးကျေးရွာသည် ရေး – ထားဝယ် ကားလမ်းမပေါ်ရှိ ကျေးရွာတစ်ရွာ ဖြစ်ပြီး နှစ်ဖက် စစ်ရေးတင်းမာနေမှုများ ကြောင့် သြဂုတ်လနှောင်းပိုင်းမှ စတင်ပြီး ရွာသားအများစုမှာ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရ သည်။