စစ်တောင်းမြစ်ရေ မကြာခဏ တက်နေခြင်းကြောင့် ဒေသခံများ အခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေသည် မကြာခဏ မြင့်တက်နေသဖြင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အခက်အခဲများ ဖြစ်နေကြသည်ဟု ဒေသခံများက ပြော သည်။
မြေနိမ့်ပိုင်းကျေးရွာရှိ ဒေသခံများသည် ယခုနှစ် ဇူလိုင်လမှ စတင်၍ မြစ်ရေတက်မှုကြောင့် ရွှေ့ပြောင်းမှုများ လုပ်နေရပြီး ရေပြန်ကျလျှင် ၎င်းတို့ဒေသသို့ ပြန်လည်နေထိုင်ကာ ယခုတစ်ဖန် ရေတက်လာသဖြင့် ထပ်မံ ရွှေ့ပြောင်း ရမည်ကို စိုးရိမ်နေကြသည်။
တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စုရှိ အင်းဝိုင်းရွာတွင် လာရောက်နေထိုင်သည့် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ဒီတစ်ခေါက်ပါပါဆို ရေတက်တာသုံးခါလောက်ရှိပြီ။ သုံးခါလုံးပြောင်းရတယ်။ ရေတက် တာလည်း မြန်တယ် အိမ်ကြမ်းပြင်ထိ ရောက်ပြီဆို လူကတော့နေလို့ မရတော့ဘူး။ ဒါကြောင့်မို့လို့ ရေကတော့တစ်ခါကြီး တစ်ခါပြောင်းပဲ။ အရင်နှစ်ကလို ထပ်ကြီးမှာကိုတော့ ကြောက်နေတာပေါ့။ ပြောင်းရရွှေ့ရတာလည်း မလွယ် ဘူး။ အရင်နှစ်ကဆို အိမ်မြုပ်ခါနီးဘဲ ခေါင်မိုးဘဲကျန် ပစ္စည်းတွေ အကုန်းဆုံး။ သူများအိမ်မှာ ပြောင်းရွှေ့ နေရ တာလည်း အိမ်ရှင်ကို အားနာရ တစ်ခါမှ မဟုတ်တာ ခဏခဏ ရေကြီးတော့ အိမ်ငှားပြီး လွတ်ရာမှာ နေမယ် ဆိုလည်း အိမ်ငှားခ စျေးကြီးတယ်” ဟု ပြောသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့် ကျော်လွန်နေပြီး နောက်တစ်ရက် အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ် အထက်၌ ဆက်လက် တည်ရှိနိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် မြစ်ကမ်းနှင့်အနီး မြေနိမ့်ပိုင်း၌ နေထိုင်သူများ အနေဖြင့် ရေဘေးလွတ်ရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
မြစ်ရေမြင့်တက်မှုကြောင့် မကြာခဏ အရွှေ့အပြောင်း လုပ်နေရသည့်အတွက် ရင်ဆိုင်နေရသည့် အခက်အခဲ အခြေအနေကို ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“စစ်ဘေးမက ငလျင်ဘေး၊ ရေဘေး အကြိမ်ကြိမ်ခံစားရတော့ ကလေးတွေပညာရေး၊ စားဝတ်နေရေး၊ စိတ်ဖိ စီးမှု အမျိုးမျိုးပေါ့။ မနေဖူးတဲ့ နေမှာ နေရာချရတော့ အဆင်ပြေအောင် နေရတာပေါ့။ နေရသလောက် ရေ ပေါ်မှာပဲ နေကြတယ်။ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ ကလေးတွေလည်း ခြေထောက်တွေ သဲဝဲစားလို့ အနာဖြစ်ကုန်။ စစ်မှုထမ်းဖို့ကလည်း လိုက်လံဖမ်းနေတော့ အရမ်းခက်ခဲတယ်။ မိန်းကလေးတွေက ပြောင်း ယောက်ကျားတွေက ရေကြီးတဲ့ နေရာမှာပဲ နေခဲ့ရတယ်။ ရှောင်ရတာလည်း သွားလာ ရွှေ့ပြောင်းရတာ ထိတ်လန့်မှုတွေနဲ့ပဲ။”
တောင်ငူမြို့နယ်အတွင်း အလယ်ကျွန်း၊ အင်းဝိုင်း၊ ဒိုးသောင်နှင့် ဒိုးအင်းကျေးရွာ စသည့် မြစ်ကမ်းဘေးနှင့် မြေနိမ့် ဒေသများ၌ နှစ်စဉ် မိုးရာသီကာလတွင် မကြာခဏ မြစ်ရေတက်လေ့ရှိပြီး ရေကြီးရေလျှံမှုများကို ကြုံတွေ့ရ သည်ဟု ဆိုကြသည်။
ယခုနှစ် ဇူလိုင်လတုန်းကလည်း မြစ်ရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုကြောင့် တောင်ငူမြို့ နယ် ဒိုးသောင် ကျေးရွာအုပ်စုထဲက ရှမ်းဝါးတီကျေးရွာသား တစ်ဦးမှာ ရေစီးနှင့်အတူ မျှောပါသေဆုံးခဲ့သည်။
ဓါတ်ပုံ – Taungoo Rescue အရေးပေါ် ကယ်ဆယ်ရေး ပရဟိတ အဖွဲ့