သံတောင်ကြီး မြေပြိုမှုကြောင့် ကလေး ၂ ဦးအပါအဝင် လူ ၈ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
ကရင်ပြည်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း မြေပြိုမှုကြောင့် ကလေး ၂ ဦး အပါအဝင် ဒေသခံ ၈ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
သံတောင်ကြီးမြို့နယ် အတွင်း နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုများ ဖြစ်ခဲ့သော ကြောင့် ကလေး ၂ ဦး နှင့် အမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံ ၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဒေသခံအမျိုးသားတစ်ဦးက “ဩဂုတ်လ ၄ရက်နေ့နဲ့ ၅ ရက်နေ့မှာဖြစ်တဲ့ ဥယျာဉ်ခြံမြေပြိုမှုမှာတော့ ဥယျာဉ် ခြံထဲမှာနေတဲ့ လူပုဂ္ဂိုလ် ၄ ဦး အသက်ဆုံး သွားတယ်။ နောက်ပြီးတော့ သံတောင်ကြီးမြို့မှာရှိတဲ့ မြေက ထပ်ပြီးပြိုတော့ တော်တော်များများ ထိခိုက်ပျက်စီးတာကို တွေ့ရတယ်ပေါ့နော်။ အဲ့မှာ မိသားစု ၄ ယောက် အသက်ပေးရတာ တွေ့ရတယ်။ ယောက်ကျားလေး အများစုက ဥယျာဉ်ခြံမှာ ညသွားအိပ်စောင့်တော့ ပါသွား တယ်။ မိသားစု ၄ ဦးကတော့ ညတုန်းက အိမ်မှာနေရင်းနဲ့ သစ်ပင်ပိ မြေပြိုမှုထဲပါသွားတယ်” ဟု ပြောသည်။
မြေပြိုမှုကြောင့် လူနေအိမ်အများအပြားလည်း ပျက်စီးကုန်သည်ဟု ဆိုသည်။ အလားတူ သံတောင်ကြီးနှင့် ဆက်ထားသောလမ်းများ၊ တံတားများအပြင် ဥယျာဉ်ခြံမြေ အများအပြားလည်း မြေပြိုမှုကြောင့် ပျက်စီးသွား ခဲ့သည်ဟု ဆိုသည်။
နေအိမ်မှာ ပြန်လည်ပြုပြင်နိုင်ရေး အတွက်လည်း အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “လတ်တလော အကူအညီကတော့ ကျနော်တို့ အခုထိခိုက်နစ်နာတဲ့သူတွေ ပျက်စီးတဲ့ အိမ် မိသားစုတွေ ကူညီတာရှိမယ်။ အားပေးတာရှိမယ်။ ဒါပေမဲ့ ရေရှည်အတွက်ကျတော့ စိုက်ပျိုးမြေတွေ ပြန်ပြီး ပြုပြင် မွမ်းမံဖို့ ရှိတာပေါ့နော်။ ဒါတွေလည်းအကူအညီပေးနိုင်ဖို့အတွက် တင်ပြလိုပါတယ်။ နိုင်ငံတကာကိုရော အကူအညီ တောင်းချင်ပါတယ်။ ကျနော်တို့ဒေသက သူများသိပ်မသိတဲ့နေရာ ဆိုတော့ အခုလက်ရှိ ခံစားနေရတဲ့ အချိန်မှာ ကျနော်တို့ ရေရှည်အကူအညီတွေ လိုအပ်တာပေါ့နော်။ အထူးသဖြင့် စိုက်ပျိုးထုတ်လုပ်တဲ့ဟာ” ဟု ပြောသည်။
သံတောင်ကြီးမြို့နယ်ထဲက ထီးပူခီးကျေးရွာ ပတ်ပတ်လည်တွင်လည်း မြေပြိုမှုများ ဖြစ်ခဲ့သောကြောင့် ရွာလုံး ကျွတ် ဘေးလွတ်ရာ နေရာသို့ ရွှေ့ပြောင်းထားရသည်။
မြေပြိုမှုကြောင့် ဥယျာဉ်ခြံမြေ အများအပြား ပျက်စီးဆုံးရှုံးမှုနှင့် ပတ်သက်၍လည်း အထက်ပါ ဒေသခံက “ရေရှည် ခက်ခဲသွားပါလိမ့်မယ်။ မြေပြိုသွားတဲ့အတွက် ပြန်ပြီးတော့ စိုက်ပျိုးလို့ မရနိုင်တာရှိတယ်။ သစ်ပင်၊ သစ်ကိုင်းတွေ၊ ကျောက်တွေနဲ့ ဖုံးလွမ်းနေတဲ့ အတွက်ကြောင့် ပြန်လည် ရှင်းထုတ်ရမှာ အနည်းဆုံး နှစ်ချီပြီ တော့ နှစ်နှစ်၊ သုံးနှစ်ချီပြီးတော့ လုပ်ရတာလေး။ ဆိုတော့ အနည်းဆုံးတော့ လေးငါးနှစ်အတွင်း ဥယျာဉ်ခြံ လုပ်သားတွေအတွက် အများကြီးအခက်အခဲ ဖြစ်နိုင်ပါတယ်“ ဟု ပြောသည်။
သံတောင်ကြီးဒေသခံများမှာ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြခြင်း ဖြစ်သည်။ ဥယျာဉ်ခြံမြေတွင် အဓိက အားဖြင့် ဖာလာ၊ တညင်း၊ ကွမ်းသီး၊ ကွမ်းရွက်၊ နနွင်းတို့ကို စိုက်ပျိုးကြသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဒေသတွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလအတွင်း မြေပြိုမှုများဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ လူသေဆုံးသည် အထိ ပြင်းထန်မှု မရှိခဲ့ဘူးဟု ဒေသခံများက ပြောသည်။
သံတောင်ဒေသခံ အမျိုးသားက “ဒီနှစ်ကတော့ တော်တော် ထူးထူးခြားခြား အရမ်းကြီး ဖြစ်နေတယ်။ ဇူလိုင်လ ကုန်ပိုင်း ကတည်းက မိုးအကြီးအကျယ်ရွာတော အဲ့မှာဥယျာဉ်ခြံနဲ့ အိမ်တစ်ချို့ မြေပြိုတာပါတယ်။ ဥယျာဉ်ခြံ ဧက ထောင်ကဏန်းလောက်ရှိမယ်။ အိမ်က ၁၅ အိမ်ပေါ့နော်။ အဲ့တုန်းကတော့ လူထိခိုက်မှု မရှိပါဘူး။ မြေ ထပ်ပြိုမယ့် အခြေအနေလည်းရှိသေးတယ် တစ်ချို့နေရာတွေမှာပေါ့နော်။ အဲ့မှာနွေရာသီတုန်းက ငလျင် ဒဏ်ရှိထားတယ်လေ” ဟု ပြောသည်။
မြေပြိုမှုကြောင့် ဥယျာဉ်ခြံမြေ အများအပြား ပျက်စီးဆုံးရှုံးကုန်သည့်အပြင် နေအိမ်များလည်း အများကြီး ပျက်စီးကုန်သည်ဟု သံတောင်ကြီး စိန့်ဂျော့ဂျ် လူငယ်အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့အပြင် မြေပြိုမှုကြောင့် တောင်ငူ – သံတောင်ကြီးလမ်းကိုလည်း ဩဂုတ်လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပိတ်ထားခဲ့ရသည်ဟု ဆိုသည်။
ပိတ်ထားရသည့် တောင်ငူ – သံတောင်ကြီး လမ်းပိုင်းကို အမြန်ဆုံးပြန်အသုံးပြုနိုင်ရေး ဒေသတွင်းရှိ လူငယ်များ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်းတို့ကို ပူးပေါင်းရှင်းလင်းမှုများကို လုပ်နေကြသည်ဟု ဆိုသည်။
ဓါတ်ပုံ – Naw Dee Dee Htoo (Facebook)