TNLA တပ်အတွင်း အခြား တိုင်းရင်းသားများပါ လာရောက် ပူးပေါင်း
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
တအာင်း (ပလောင်) လူမျိုးများ အပြင် အခြားတိုင်းရင်းသား လူမျိုးစုများကလည်း ၎င်းတို့၏ တပ်တွင် ဆန္ဒ အလျောက် ပါဝင် စစ်မှုထမ်းလာကြကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောသည်။
အထူးသဖြင့် မိုးကုတ်၊ မိုးမိတ်ကဲ့သို့ လူမျိုးပေါင်းစုံနေထိုင်သည့် ဒေသများတွင် တအာင်းလူမျိုး မဟုတ်သည့် အခြားသော လူမျိုးစုများက တပ်ဖွဲ့ဝင်အဖြစ် ပါဝင်လာမှုများ ရှိနေကြောင်း တအာင်းတပ် TNLA ၏ ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
“တခြား လူမျိုးစုတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် မိုးကုတ် မိုးမိတ်လို ဒေသမျိုးဆိုရင် တအာင်းလူမျိုးစု မဟုတ်တဲ့ သူတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာလည်း ကျမတို့ ကြိုဆို ပြီးတော့ ဆောင်ရွက်တာတွေလည်း ရှိပါတယ်” ဟု ဩဂုတ်လ ၅ ရက်နေ့က ပြုလုပ်သော online သတင်းစာ ရှင်းလင်းပွဲတွင် လွေးယေဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
TNLA ၏ စစ်မှုထမ်းဥပဒေသည် တအာင်းလူမျိုးများကိုသာ အဓိက ရည်ရွယ်သော်လည်း အခြားသော တိုင်းရင်း သား လူမျိုးစုများ အနေဖြင့် ၎င်းတို့ ဆန္ဒရှိပါက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာနှင့် တကွ စနစ်တကျ စိစစ် လက်ခံပေးလျက်ရှိကြောင်း လွေးယေဦးက ဆက် ပြောသည်။
“ကျမတို့ PSLF/TNLA သည် လက်ရှိ လောလောဆယ်မှာတော့ မူအရ ဒီဥပဒေအရ သတ်မှတ်ထားတာကတော့ ကျမတို့သည် ဒီတအာင်းလူမျိုးကိုပဲ ၁၈ နှစ်ပြည့်ပြီးတဲ့ သူတွေကိုပဲ ဒီတရား ဥပဒေအရ ကျနော်တို့ ကောက်ခံနေ တာ ဖြစ်ပါတယ်။ တခြား လူမျိုးစုတွေကတော့ သူတို့ရဲ့ ဒီပါဝင်လာနိုင်မှုကတော့ ကျနော်တို့ ကြိုးပမ်းတာမျိုး တွေ ရှိပါတယ်။”
တအာင်းတပ် TNLA သည် မိုးကုတ်မြို့ရှိ ဂေါ်ရခါးလူမျိုးများအား အတင်းအကျပ် စစ်သား စုဆောင်းနေသည် ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍လည်း ၎င်းက ဒေသလုံခြုံရေးအတွက် ပူးပေါင်းပါဝင်ရန် လူမျိုးစု ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းသာ ဖြစ်ပြီး အတင်းအကျပ် စုဆောင်းခြင်းမျိုး မရှိဘူးဟု ဆိုသည်။
TNLA အနေဖြင့် တော်လှန်ရေး ရည်မှန်းချက်တူသည့် မည်သည့် လူမျိုးစုကိုမဆို ဆန္ဒအလျောက် ပူးပေါင်း ပါဝင် လာမှုအား ကြိုဆိုလျက်ရှိပြီး ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများတွင် အတူတကွ လက်တွဲ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ‘၁၀၂၇’ စစ်ဆင်ရေး နောက်ပိုင်း တအာင်းတပ် TNLA သည် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် အများအပြားကို ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ လက်ရှိတွင် စစ်ကော်မရှင်တပ်၏ ပြန်လည်ထိုးစစ်များကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။
အထူးသဖြင့် လတ်တလောတွင် နောင်ချိုမြို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုနှင့်အတူ အဓမ္မ စုဆောင်းထားသည့် စစ်မှုထမ်း အင်အား အလုံးအရင်းသုံးကာ ပြန်လည် သိမ်းပိုက်ခဲ့ခြင်းသည် TNLA အတွက် စစ်ရေးအရ ဖိအားတစ်ခုဖြစ်စေခဲ့သည်။
ထို့အပြင် ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ကဲ့သို့သော မြို့များ၏ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှ မဟာဗျူဟာကျသည့် နယ်မြေများကို ထိန်းချုပ်နိုင်ရန် အပြန်အလှန် ကြိုးပမ်းနေ သည့်အတွက် ဒေသတွင်း နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။