အမေရိကန်နှင့် တင်းမာနေစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် တရုတ်နိုင်ငံ သွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်။
ကုန်သွယ်ခွန် သတ်မှတ်မှုကြောင့် အမေရိကန်နှင့် တင်းမာမှုများ ရှိလာချိန်၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) သည် ၇ နှစ်ကျော် အတွင်း ပထမဆုံး အကြိမ် တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
ဩဂုတ်လ ၃၁ ရက်နေ့တွင် စတင်မည့် အပြန်အလှန် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများ ပါဝင်သော ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ SCO ၏ ထိပ်သီး အစည်းအဝေးကို မစ္စတာ မိုဒီ တက်ရောက်မည်ဟု အိန္ဒိယ အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက သတင်းထုတ်ပြန်သည်။
တီယန်ကျင်း Tianjin မြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ ရုရှားနိုင်ငံကလည်း တက်ရောက်ရန် ရှိနေသည်။
ယင်းသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။
အိန္ဒိယ နှင့် တရုတ် ဆက်ဆံရေးသည် ၂၀၂၀ ခုနှစ် ဟိမဝန္တာ တောင်တန်းများပေါ်တွင် နှစ်နိုင်ငံ နယ်စပ် ပြဿနာကြောင့် စစ်တပ်များ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီးနောက်ပိုင်း ဆုတ်ယုတ်ခဲ့သည်။
သို့သော်လည်း ယခင်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် BRICS (ဘီအာရ်အိုင်စီအက်စ်-ဘရစ်စ်) အစည်း အဝေးတွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် တရုတ် သမ္မတ ရှီကျင့်ပင်တို့ ပင်မ အစည်းအဝေး အပြင်ဘက်တွင် တွေ့ဆုံခဲ့ကြသည်။
ထိုမှ စ၍ အိန္ဒိယ – တရုတ် ဆက်ဆံရေးက အနည်းငယ် နွေးထွေးလာခဲ့သည်ဟု သုံးသပ်သူများက ဆိုသည်။
ရက်ပိုင်းအတွင်းက အမေရိကန်သည် သွင်းကုန်ခွန် နှုန်းထားကို အိန္ဒိယ အတွက် ၂၅ ရာခိုင်နှုန်း သတ်မှတ်ထား ရာမှ အိန္ဒိယနိုင်ငံသည် ရုရှား၏ ရေနံကို ဝယ်ယူနေသည်ဟု ဆိုကာ အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် နောက်ထပ် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။
ထို့ကြောင့် အိန္ဒိယမှ အမေရိကန်သို့ တင်ပို့မည့် ကုန်ပစ္စည်းများအပေါ် အခွန် စုစုပေါင်း ၅၀ % ကောက်ခံမည် ဖြစ်သဖြင့် နှစ်နိုင်ငံ အကြား တင်းမာမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
အိန္ဒိယကမူ အမေရိကန်၏ ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမှုသည် အဓိပ္ပာယ်မရှိကြောင်းနှင့် အိန္ဒိယ နိုင်ငံအနေဖြင့် လူသန်းပေါင်း ၁၄၀၀ ကျော်အတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လိုအပ်သည်ဟု တုန့်ပြန်ခဲ့သည်။
ထိုသို့ တင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည့် သတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။