စစ်သင်္ဘောများ ဗန်းမော်ရောက်၊ တိုက်ပွဲများ ဆက်ဖြစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။ 

စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများ ကချင်ပြည်၊ ဗန်းမော်ကို ရောက်လာသည့် အချိန်တွင် မြေပြင်၌ တိုက်ပွဲ များ ဖြစ်နေသည်ဟု မြေပြင် အခြေအနေကို သိသော သတင်းအရင်းအမြစ်များက ပြောသည်။

ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများမှာ ဗန်းမော်သို့ ဩဂုတ်လ ၁ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်တွင် ရောက်လာသည်ဟု ဆိုသည်။

မြေပြင်ရှိ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက စစ်သင်္ဘောအုပ်စုက ဗန်းမော်ကိုသွားတဲ့ ဧရာဝတီ မြစ်ကြောင်း တလျှောက်မှာ ဆိုရင် ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာကို အကြိမ်ကြိမ်ခံခဲ့ရတယ်။ ဒီလို ခံခဲ့ရတဲ့ ကြားကနေပဲ ဗန်းမော်ကို ၁ ရက်နေ့က ရောက်လာတယ်။ ဗန်းမော်ကို ရောက်တာနဲ့ ဒီရောက်ရောက် ချင်းပေါ့ဗျာ သယ်လာတဲ့ လက်နက်တွေ၊ ရိက္ခာတွေ ချပေါ့။ ရိုးရိုးရောက်လာတာ မဟုတ်ဘူးနော်။ လေကြောင်း က ပစ်ကူ၊ လုံခြုံရေးတွေ မြေပြင်ထိုးစစ်တွေနဲ့ ရောက်လာတာ ဟု ပြောသည်။

စစ်လက်နက် ရိက္ခာများ လာပို့သည့် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများ ရောက်လာသည့်အချိန် ဩဂုတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။

အဆိုပါ စစ်သင်္ဘော ရေယာဉ်တန်းမှာ ဗန်းမော်ကို ရောက်ရောက်ချင်း စစ်လက်နက် ရိက္ခာများ ချပေးခဲ့သည် မြေပြင်ရှိ ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

ဗန်းမော်ကို ကျနော်တို့က ပိတ်ဆို့ထားတာ တော်တော်ကြာပြီလေနော်၊ ၇ လကျော်လောက် ရှိလာပြီဆိုတော့ သူတို့တပ်တွေအတွက် ပြောရရင်တော့ သူတို့လူတွေအတွက် ရိက္ခာ၊ အစားအစာ၊ ဆေးတို့၊ လက်နက်တို့ကို လာ ပို့ပေးတာလို့ပဲ ပြောရမှာပေါ့ ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ထိုသို့ စစ်လက်နက်ရိက္ခာများ ချပေးချိန်တွင် ဗန်းမော်ကမ်းနားတလျှောက်ရှိ ကျေးရွာများထဲ လက်နက်ကြီး/ငယ် များနှင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်လက်နက်ရိက္ခာများ ချပေးနေသည့်အပြင် စစ်ကော်မရှင်တပ်က ခွန်သာ၊ တပ်ကလေး၊ ရွှေကျီးနားကျေးရွာ များထဲ ဝင်ရောက်နိုင်ရေးလည်း ကြိုးစားနေ သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

အလားတူ ထိုစစ်သင်္ဘောအုပ်စုကို လုံခြုံရေး ယူပေးသည့် အနေဖြင့်လည်း လေကြောင်းမှ ကမ်းနားတဝိုက်နှင့် ကမ်းဘေးက ကျေးရွာများထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုများ ရှိခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထဲတွင် ဗန်းမော်ကျွန်းကြီးကျေးရွာက အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု Banmaw Scout Team အဖွဲ့က ဆိုသည်။

ထိုစစ်သင်္ဘော ရေယာဉ်တန်းမှာ ဩဂုတ်လ ၄ ရက်နေ့တွင် အထက်ကို ဆက်လက် ဆန်တက်ရန် ကြိုးစားနေ သည့်အပြင် မြေပြင်၌လည်း ပစ်ခတ်မှုများ ဆက်ဖြစ်နေသည်ဟု ဆိုသည်။