ရွာအဝင်အထွက်ပိတ်ပြီး ရွာသားများကို မဲထည့်ခိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။ 

စစ်ကော်မရှင် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းက ကျေးရွာ အချို့တွင် စစ်တပ်က ရွာအဝင်အထွက် ပိတ်ထားပြီး ရွာသားများကို အတင်းအကြပ်မဲထည့်စေခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။ 

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပိုင်ကျုံမြို့အပါအဝင် အနီးအနားရှိ ကျေးရွာ ၃ ရွာတွင် ရွာသားများကို ရွာပြင် ထွက်ခွင့် မပြုဘဲ မဲရုံများသို့ သွားရောက်မဲထည့်ရန် စစ်တပ်က ဖိအားပေးထားသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ သတင်းရင်းမြစ်တစ်ဦးက မဲရုံမှာ မဲထည့်ဖို့အတွက် ရွာသားတွေကို ရွာပြင်ထွက်ခွင့်မပေးဘဲ Lockdown ချထားတာ။ တချို့ကတော့ ကြောက်လို့ သွားပေးကြပေမဲ့ တိုက်ပွဲဖြစ်မှာစိုးလို့ ကြိုပြေးတဲ့ သူတွေလည်း အများကြီးပဲ ဟု ပြောသည်။

လှိုင်းဘွဲမြို့နယ်တွင် မဲရုံပေါင်း ၁၄၉ ရုံဖွင့်လှစ်ကာ မဲဆန္ဒရှင် ၁ သိန်း ၆ သောင်းကျော်ရှိသည်ဟု မြို့နယ် ကော်မရှင်က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ စစ်ကော်မရှင်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့များအကြား စစ်ရေးအလွန်တင်းမာနေသည်။ 

ကရင်ပြည် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ရွာထဲကို စစ်ကားတွေ အများကြီးနဲ့ ဝင် လာပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲ လိုက်တာ။ ရွေးကောက်ပွဲလုပ်ဖို့ လုံခြုံရေးယူတာလို့ ပြောပေမဲ့ ရွာသား တွေကိုတော့ အပြင်ပေးမထွက်တော့ ဘူး။ မဲမပေးရင် အရေးယူမယ်ဆိုတဲ့ လေသံမျိုးတွေနဲ့ လာပြောတော့ ရွာသားတွေက တိုက်ပွဲဖြစ်မှာရော၊ ဖမ်းဆီးခံရမှာရော ကြောက်ပြီး တောထဲကိုပဲ ကြိုပြေးရတော့တာပဲ ဟု ပြောသည်။

ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကားတန်းများ လှိုင်းဘွဲမြို့သို့ ရောက်ရှိလာပြီး ကစို၊ ကမာလင်း၊ ငှက်ပျောတောနှင့် နောင်ခလုံး စသည့်ကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေရာယူထားသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများသည် KNU တပ်မဟာ (၇) နယ်မြေအတွင်း ရှိနေသလို၊ ကရင်နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော် (KNA) ထိန်းချုပ်ရာ နယ်မြေများလည်း ဖြစ်သည်။ 

စစ်ကော်မရှင်က လှိုင်းဘွဲနှင့် ကမမောင်းမြို့ပေါ်ရှိ အကန့်အသတ်ရှိသော နေရာများတွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းဖြစ်ပြီး၊ ဖာပွန်နှင့် ရှမ်းရွာသစ်မြို့အပါအဝင် နယ်မြေအများစုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများအဖြစ် ကြေညာထားရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ဘားအံနှင့် မြဝတီမြို့နယ်တို့၌ ကရင်ပြည်နယ်အခြေစိုက် KNDP နှင့် PSDP ပါတီတို့သည် ကြိုတင်မဲများကြောင့် စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ဖူး သည်။ 

ယခုအကြိမ်တွင်လည်း လှိုင်းဘွဲမြို့နယ်အတွင်း ပါတီပေါင်း ၇ ခု ဝင်ရောက်ယှဉ်ပြိုင်နေသော်လည်း စစ်တပ်၏ အတင်းအကျပ် ဖိအားပေးမှုများနှင့် ကြိုတင်မဲများအပေါ် ပြည်သူများက ယုံကြည်မှု ကင်းမဲ့နေကြသည်။

ဖာပွန်မြို့နယ်တွင်မူ စစ်ကော်မရှင်က နေ့စဉ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်စစ်ကူ စေလွှတ်ထား သော်လည်း တော်လှန်ရေးအင်အားစုများ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ကမမောင်းမြို့အနီး ဝါးဒူးရွာဝန်းကျင် တွင်သာ ပိတ်မိနေကြသည်။ 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၃) ကိုမူ လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကော့ကရိတ်နှင့် ကြာ အင်းဆိပ်ကြီးမြို့နယ်တို့၌ ဆက်လက်ကျင်းပရန် စီစဉ်ထားသော်လည်း နိုင်ငံတကာနှင့် တော်လှန်ရေး အင်အားစု များကမူ ဤရွေးကောက်ပွဲကို အတုအယောင်အဖြစ်သာ သတ်မှတ်ထားကြသည်။


ဓါတ်ပုံ – MOI