တန့်ယန်း မိုင်းရယ် ခြိမ်းခြောက်သော်လည်း မဲပေးသူနည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် အုပ်ချုပ်ရေးပိုင်းမှ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိအားပေးခဲ့သော် လည်း မဲလာပေးသူ အလွန်နည်းပါးနေကြောင်း ဒေသခံများနှင့် နိုင်ငံရေးပါတီနှင့် နီးစပ်သူများက ပြောသည်။

တန့်ယန်းမြို့နယ်တွင် မဲမပေးလျှင် ခရီးသွားလာခွင့် ကန့်သတ်မည်ဟု ဌာနဆိုင်ရာများက ခြိမ်းခြောက်ခဲ့သည့် အပြင်၊ မဲရလဒ် ကွာဟမှုမရှိဘဲ မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်းကို ပြန်လည်စိစစ်ပြီး မဲမပေးသူများကို အရေးယူမည်ဟု အုပ်ချုပ်ရေးမှူးအချို့က ထပ်မံခြိမ်းခြောက်ခဲ့သည်ဟု ဆိုကြသည်။ 

သို့သော်လည်း မဲရုံများတွင် စစ်တပ်နှင့် နီးစပ်သူအနည်းငယ်သာ လာရောက်ကြပြီး အီလက်ထရောနစ် မဲပေးစက် (EVM) ကို ပထမဆုံး အသုံးပြုခြင်းကြောင့်လည်း ဒေသခံများမှာ အခက်တွေ့ခဲ့ရသည်။

တန့်ယန်းဒေသခံတစ်ဦးက အရင် ရွေးကောက်ပွဲတွေနဲ့ ယှဉ်ရင် မဲပေးသူက အရမ်းကို နည်းပါတယ်။ ဒီနယ်မြေ က အရင်က ကျားခေါင်းပါတီ (SNLD) ကိုပဲ အားပေးကြတာ။ အခုက ကြံ့ခိုင်ရေးရယ်၊ ကျားဖြူရယ်၊ ပါတီရယ် သုံးခုပဲရှိတော့ ဘယ်သူမှ စိတ်မဝင်စားကြဘူး ဟု ပြောသည်။

မိုင်းရယ်မြို့နယ်တွင်လည်း အလားတူ မဲပေးသူနည်းပါးခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများမှာ စိုးရိမ် ထိတ် လန့်ကာ မဲရုံသို့ မလာရဲကြကြောင်း ဆိုသည်။ 

ဇန်နဝါရီလ ၁၁ ရက်တွင် မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်တို့၌ ဆက်လက်ပြုလုပ်ခဲ့ရာ မြို့နယ်နှစ်ခုစပေါင်း မဲရုံ အရေအတွက် ၁၀၀ နီးပါးဖြင့် ကျင်းပခဲ့သည်။

မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၀ ရှိ မဲရုံပေါင်း ၃၃ ရုံတွင် ဒေသခံပြည်သူများ ဆန္ဒမဲပေးလျက်ရှိ ကြောင်း စစ်ကော်မရှင်၏ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်ထားသည်။ 

အလားတူ တန့်ယန်းမြို့နယ်တွင်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း မဲရုံစုစုပေါင်း ၆၇ ရုံ ဖွင့်လှစ်ထား ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၈၅,၀၅၉ ဦး ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ စာရင်း များအရ သိရသည်။

သို့သော်လည်း မြေပြင်တွင်မူ မဲပေးသူအရေအတွက်မှာ စစ်ကော်မရှင်က ထုတ်ပြန်ထားသည့် မဲဆန္ဒရှင် စာရင်း နှင့် ကွာဟမှုများရှိနေပြီး၊ အုပ်ချုပ်ရေးပိုင်း၏ ခြိမ်းခြောက်ဖိအားပေးမှုများကြောင့်သာ မဲရုံများသို့ လာရောက် နေကြရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းကရှမ်းပြည် မြောက်ပိုင်းမှာ ဒုတိယအကြိမ်မှာက ၂ မြို့နယ်ပဲ လုပ်မှာ။ တန့်ယန်းရယ် မိုင်းရယ်မြို့နယ်။ ရှင်းရှင်းပြောရရင် မဲပေးပိုင်ခွင့်က လူထုရဲ့ အခွင့်အရေး၊ အသဲကြားက မဲတစ်ပြား၊ အမှန်တကယ်က လူထုက မဲမပေးဘူးဆိုတဲ့ဟာလည်း လူထုရဲ့ အခွင့်အရေးပဲ။ မပေး လိုရင်လည်း မပေးတဲ့ အခွင့်အရေး ပိုင်ဆိုင်ရမှာ။ အခုက အဲ့လိုမဟုတ်ဘူး။ တကယ့်ကိုဖိပြီးတော့မှ ခြိမ်း ခြောက်ပြီး မဲပေးခိုင်းတဲ့ပုံစံဖြစ်နေတော့ ရှင်းရှင်းပြောရရင် လူထုက လွတ်လွတ်လပ်လပ်မဲပေးခွင့် မရှိဘူးဆို တာကို ပြတယ်ဟု ပြောသည်။

မိုင်းရယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များကို စစ်ကော်မရှင်က အဓိက ထိန်းချုပ်ထားသော်လည်း ကျေးရွာအများစုမှာ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) စိုးမိုးထားပြီး လားရှိုး-မိုင်းရယ် လမ်းပိုင်းရှိ ကျေးရွာအချို့ကိုမူ ကိုးကန့် တပ် (MNDAA) က ထိန်းချုပ်ထားသည်။

နိုင်ငံရေးပါတီများနှင့် နီးစပ်သူများ၏ အဆိုအရ တန့်ယန်းနှင့် မိုင်းရယ်တွင် ဇန်နဝါရီလဆန်းပိုင်းကတည်းက ကြိုတင်မဲများကို အတင်းအကျပ် ထည့်ခိုင်းထားခြင်းဖြစ်ပြီး ယင်းကြိုတင်မဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အသာရနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အပိုင်း (၁) ရွေးကောက်ပွဲတွင်လည်း မူဆယ်နှင့် လားရှိုးမြို့များ၌ ကြိုတင်မဲများကြောင့် ကြံ့ခိုင်ရေး ပါတီက နေရာအားလုံး အနိုင်ရခဲ့သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

တန့်ယန်းမြို့တွင် ‘ဝ’ တပ်ဖွဲ့ UWSA က ဝင်ရောက်တပ်စွဲထားပြီး မိုင်းရယ်တွင်လည်း SSPP/SSA တပ်ဖွဲ့များ ရှိနေသည့်ကြားမှ စစ်ကော်မရှင်က အယောင်ပြ ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးပမ်းခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် ရှမ်းပြည် အတွင်းရှိ မြို့နယ် ၁၇ ခုတွင် ရွေးကောက်ပွဲ ဒုတိယပိုင်း ပြုလုပ်ရန် စီစဉ်ထားသော် လည်း လုံခြုံရေး အခြေအနေကြောင့် တန့်ယန်းနှင့် မိုင်းရယ်ရှိ ကျေးရွာအုပ်စု ၂၄ အုပ်စု အပါအဝင် ဒေသ အများ အပြားတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ကြောင်း စောင့်ကြည့်နေသူများက ဆိုသည်။

ဓါတ်ပုံ – MOI