မန္တလေးတွင် ခြိမ်းခြောက် မဲထည့်ခိုင်းမှုများ ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။ 

မန္တလေးတွင် ခြိမ်းခြောက် ဖိအားပေးမှုများကြားမှ ရွေးကောက်ပွဲ ဒုတိယပိုင်းပြုလုပ်ခဲ့ရာ မဲပေးသူနည်းပါးသဖြင့် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်နေကြသည်ဟု မြို့ခံများက ပြောသည်။

စစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မန္တလေးမြို့ပေါ် ရှိ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့ အပါအဝင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၉ ခု၌ ပြုလုပ်ခဲ့သော်လည်း မဲပေးသူ အလွန်နည်းပါးနေကြောင်း မြို့ခံများနှင့် မဲရုံစောင့်ကြည့်သူများက ပြောသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ်က တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အသုံးပြုကာ လုံခြုံရေးအပြည့်ယူထားသည်ဟု ဆိုသော် လည်း မြေပြင်တွင်မူ မဲပေးသူ နည်းပါးလှသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးအဖွဲ့ဝင်များက ကားများ၊ အသံချဲ့စက်များဖြင့် ရပ်ကွက်အတွင်း လှည့်လည်ကာ ‘မဲမပေးရသေးသူများ မဲလာပေးကြရန်’ တိုက်တွန်း နှိုးဆော်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

မဟာအောင်မြေမြို့နယ်တွင်မူ မဲမပေးလျှင် စစ်မှုထမ်းစာရင်းထဲ ထည့်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်မောင် (အမည်လွှဲ) က ယခုကဲ့သို့ ပြောသည်။

ဒေသခံတွေအနေနဲ့ မဲပေးဖို့ စိတ်ဝင်စားမှု မရှိပေမဲ့လည်း ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် မဲပေးကြရတဲ့ သူတွေ ရှိတယ်။ မဟာအောင်မြေမှာဆိုရင် အသက်ပြည့်ပြီးသူတိုင်း မဲမထည့်ရင် စစ်မှုထမ်းခေါ်မယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက လိုက်ခြိမ်းခြောက်နေတာ။ 

ယနေ့နံနက်ပိုင်း လူအစည်ကားဆုံးအချိန်ဟု ဆိုနိုင်သည့် မနက် ၆ နာရီမှ ၈ နာရီအတွင်း၌ပင် မဲရုံအများစုတွင် လူ ၅၀ မှ ၁၀၀ ဝန်းကျင်သာ တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရပြီး မွန်းလွဲပိုင်းတွင်မူ လူ ၂၀ ခန့်သာ ရှိတော့သည် အထိ ကျဲပါးသွားခဲ့သည်။ 

မန္တလေးမြို့ပေါ်ရှိ မဲရုံအချို့ကို လှည့်ပတ်ကြည့်ရှုခဲ့သူတစ်ဦးက မနက်ပိုင်း မဲရုံဖွင့်စမှာတောင် လူ ၁၀၀ လောက် တန်းစီနေတဲ့ မဲရုံက အတော်လေး နည်းပါတယ်။ မွန်းလွဲ ၁၂ နာရီ နောက်ပိုင်းမှာတော့ အချိန်စောင့်စရာတောင် မလိုဘဲ မဲပေးလို့ရတဲ့အထိ လူမရှိတော့တာ ဟု ပြောသည်။

စစ်ကော်မရှင်သည် မဲရုံများတွင် လူစည်ကားဟန်ပြနိုင်ရန် မဟာအောင်မြေ ကျောက်ဝိုင်းကိုပင် ဖွင့်လှစ်ထားရန် ညွှန်ကြားခဲ့ပြီး မဲပေးပြီးအပြန်တွင် အချိုရည်၊ မုန့်နှင့် ရေသန့်ဘူးများ ပေးဝေကာ စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ 

သို့သော်လည်း လမ်းဘေးဈေးသည်များကိုမူ ရွေးကောက်ပွဲကာလအတွင်း ဈေးရောင်းချခွင့် ပိတ်ပင်ထားခဲ့သည်။

မန္တလေးတိုင်းအတွင်းရှိ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ သာစည်၊ ဝမ်းတွင်း၊ တံတားဦးနှင့် မတ္တရာမြို့နယ်တို့ တွင်လည်း ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း မတ္တရာမြို့နယ်ကဲ့သို့ တိုက်ပွဲများကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရသည့် ဒေသများတွင်လည်း အယောင်ပြကျင်းပမှုများသာ ရှိခဲ့သည်ဟု စောင့်ကြည့်နေသူ အချို့က ဆိုသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ တတိယပိုင်းကို လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး ယင်းအကြိမ်တွင် တိုက်ပွဲများ ပြင်းထန်နေသည့် သပိတ်ကျင်းမြို့နယ် အပါအဝင် မန္တလေးမှ ကျန်ရှိသည့် ၈ မြို့နယ် ပါဝင်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – MOI