ရန်ကုန်တွင် မဲပေးသူနည်း၊ မဲမပေးက စစ်မှု ထမ်းရမည်ဟု ခြိမ်းခြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်။
ရန်ကုန်တွင် မဲပေးသူနည်းပါးခဲ့ပြီး မဲမပေးလျှင် စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်၍ အတင်းအကျပ် မဲထည့်ခိုင်းနေသည်ဟု မြို့ခံများက ပြောသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ရန်ကုန်မြို့ရှိ မြို့နယ် ၁၆ ခုတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် မဲရုံများ လိုက်ကြည့်သော်လည်း မဲပေးသူ အလွန်နည်းပါးနေခဲ့သည်ဟု ဆိုသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် မဲရုံများသို့ လာရောက် ကြည့်ရှုချိန်၌ လုံခြုံရေး အထပ်ထပ် တင်းကျပ်ထားသလို ပြည်သူများကိုလည်း အမျိုးမျိုးသော ဖိအားပေး ခြိမ်းခြောက်မှုများဖြင့် မဲရုံသို့ အတင်းအကျပ် ခေါ်ဆောင်နေကြောင်းဆိုသည်။
ရန်ကုန်မြို့လယ်ရှိ လသာမြို့နယ်က အခြေအနေနှင့် ပတ်သက်၍ “မဲပေးဖို့ လုံးဝစိတ်မဝင်စားဘူး။ ဒါပေမဲ့ မဲမပေးရင် မှတ်ပုံတင်လုပ်ပေးမှာ မဟုတ်ဘူး၊ ပြည်ပထွက်ခွင့် ပိတ်ပင်မယ်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးတွေနဲ့ ခြိမ်းခြောက်နေတော့ မတတ်သာလို့ သွားပေးရတာ” ဟု လှိုင်မြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။
ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ လသာ၊ ပန်းဘဲတန်း၊ လှိုင်၊ အင်းစိန်၊ ဗဟန်း၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ် အပါအဝင် မြို့နယ် ၁၆ ခု ပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လသာ၊ လှိုင်နှင့် အင်းစိန်မြို့နယ်ရှိ မဲရုံအချို့သို့ လာရောက်စစ်ဆေးခဲ့သည်။
စစ်ခေါင်းဆောင် လာရောက်မည့် လမ်းကြောင်း တစ်လျှောက်နှင့် မဲရုံများတွင် ပထမပိုင်းထက် ပိုမိုတင်းကျပ် သည့် လုံခြုံရေးများ ချထားကြောင်း မြို့ခံများက ဆိုသည်။
မဲပေးသူနည်းပါးလှသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်နေရသလို၊ မဲမပေး ပါက ဈေးသည်များကို ဈေးရောင်းခွင့်ပိတ်မည်ဟု ခြိမ်းခြောက်ခြင်း၊ လူငယ်များကို စစ်မှုထမ်းစာရင်းထဲ ထည့်မည်ဟု ကြောက်လန့်အောင် ပြောဆိုခြင်းများ ပြုလုပ်နေသည်။
အင်းစိန်က အခြေအနေနှင့် ပတ်သက်၍လည်း “အင်းစိန်ဘက်မှာတော့ မဲရုံရှေ့တင် မဟုတ်ဘူး၊ လမ်းထိပ်တွေ မှာပါ စစ်သားတွေရော ရဲတွေရော အပြည့်ပဲ။ အုပ်ချုပ်ရေးပိုင်းကလည်း မဲမပေးရင် အိမ်ထောင်စုစာရင်းထဲက စစ်မှုထမ်းရမယ့် လူစာရင်းကို အရင်ဆွဲထုတ်မယ်ဆိုပြီး လာပြောတော့ အိမ်ကလူငယ်တွေအတွက် စိုးရိမ်ပြီး သွားပေးခဲ့ရတာပါ။ မဲရုံထဲရောက်တော့လည်း ဘယ်ပါတီကို ပေးပေးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ကြတာ” ဟု ပြော သည်။
ရန်ကုန်မြို့လယ်က မဲရုံများတွင်လည်း မဲပေးသူမရှိသဖြင့် မဲရုံဝန်ထမ်းများသာ ငူငူငိုင်ငိုင် ထိုင်နေရကြောင်း ပြောသည်။
ပုဇွန်တောင်မြို့နယ်တွင်မူ မဲလာပေးသူအချို့မှာ မဲစာရင်းနံပါတ် မသိရှိခြင်းကြောင့် မဲပေးခွင့်မရဘဲ ပြန်လွှတ် ခံရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
မဲပေးခဲ့သူ ပြည်သူအချို့ကို မေးမြန်းရာတွင် စစ်ကော်မရှင်၏ ဖိအားပေး ခြိမ်းခြောက်မှုများကြောင့်သာ ကြောက်လန့်ပြီး မဲလာပေးခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။
ရပ်ကွက်ဥက္ကဋ္ဌများက အသံချဲ့စက်ဖြင့် မဲလာပေးရန် အော်ဟစ်နေသော်လည်း မွန်းလွဲပိုင်းတွင် မဲရုံများမှာ လူသူကင်းမဲ့နေသည်ကို တွေ့ရသည်ဟု ဆိုကြသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ဒုတိယပိုင်းအဖြစ် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၁၀၀ တွင် ရွေးကောက်ပွဲ ကျင်းပနေခြင်းဖြစ်ပြီး၊ တတိယပိုင်းကို ဇန်နဝါရီ ၂၅ ရက်တွင် ကျန်ရှိသည့် မြို့နယ် ၆၃ ခု၌ ဆက်လက်ကျင်းပရန် စီစဉ်ထားသည်။
သို့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများကမူ ဤရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ထားသလို၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲအဖြစ် ကန့်ကွက်ထားကြသည်။
ဓါတ်ပုံ – MOI