တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့တွင် မြေပြိုမှုဖြစ်ပွားပြီး ဒေသခံများ မြေပိပိတ်မိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်း (Chongqing) မြို့ရှိ ခရိုင်တစ်ခုတွင် သောကြာနေ့က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး တောင်အောက်ရှိ လူနေအဆောက်အအုံ အပြားအပြား ပြိုကျပျက်စီးခဲ့ရာ လူဦးရေအတိအကျမသိရသေးသည့် ဒေသခံအချို့ မြေပိပိတ်မိနေကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် ဖိန်းဆွေ (Pengshui) ခရိုင်ရှိ လူမှုအသိုင်းအဝိုင်း ဝန်ထမ်းတစ်ဦးက ကျောက်ခဲများ ပြန့်ကျဲပြုတ်ကျလာသည်ကို တွေ့ရှိသဖြင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း တရုတ်ဗဟိုရုပ်သံ (CCTV) က ဖော်ပြသည်။

အာဏာပိုင်များက ဒေသခံ ပြည်သူ ၆၀ ကျော်ကို အရေးပေါ်ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သော်လည်း နံနက် ၉ နာရီ ၈ မိနစ် ရွှေ့ပြောင်းနေစဉ်အတွင်းမှာပင် မြေပြိုမှု ရုတ်တရက်ဖြစ်ပွားခဲ့ပြီး လူအချို့ မြေပိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အပျက်အစီးများအောက်၌ ပိတ်မိနေသူ အရေအတွက် အတိအကျကို ဆက်လက်အတည်ပြုဆဲ ဖြစ်သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။  

ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ အပျက်အစီးများအောက်မှ လူ ၉ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် အသက်အန္တရာယ်စိုးရိမ်ရသူ မရှိဟု ဆိုသည်။

မြေပြိုရသည့် အကြောင်းအရင်းကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

CCTV ၏ ဝေဟင်ရိုက်ကူးရေး ဗီဒီယိုဖိုင်များတွင် မြစ်ကမ်းနားရှိ လူနေအဆောက်အအုံစုများပေါ်သို့ ကျောက်တုံးများနှင့် မြေစာများ ပြိုကျနေသည်ကို တွေ့ရပြီး ဒေသခံများသည် ဖုန်မှုန့်များကြားမှ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ထို့ပြင် ၎င်းတို့အောက်ရှိ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများပေါ်သို့ တောင်စောင်းတစ်ခုလုံး ပြိုကျပျက်စီးသွားပြီး လမ်းမပေါ်အထိ မြေစာများ ရောက်ရှိလာခြင်းကြောင့် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ရပ်တန့်လိုက်ရသည့် ရုပ်သံ တစ်ခုလည်း လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည်။

တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက အဆင့် (၂) ရှိသော အရေးပေါ်တုံ့ပြန်မှုကို စတင်လိုက်ပြီး လူအင်အား ၁၀၀ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့မှ အင်အား ၂၀၆ ဦးနှင့် ကယ်ဆယ်ရေးယာဉ် ၄၉ စီးတို့ကိုလည်း မြေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီနိုင်ရန် စေလွှတ်ထားသည်ဟု ဆိုသည်။