ပီလီ၏ ၁၉၅၈ ဂျာစီအင်္ကျီ အမေရိကန်ဒေါ်လာ ၄.၉ သန်းဖြင့် လေလံအောင်မြင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
ဂန္တဝင် ဘောလုံး ကစားသမားကြီး ပီလီ ၁၇ နှစ်သားအရွယ် ၁၉၅၈ ခုနှစ် ကမ္ဘာ့ ဖလား ဗိုလ်လုပွဲတွင် ဝတ်ဆင်ခဲ့သည့် ဂျာစီအင်္ကျီကို နယူးယောက်မြို့ လေလံပွဲ၌ အမေရိကန်ဒေါ်လာ ၄.၉ သန်း ဖြင့် လေလံအောင်မြင်သွားခဲ့သည်။
ယခုရောင်းချရမှုသည် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနား အသင်းက ဒီယေဂို မာရာဒိုနာ ဝတ်ဆင်ခဲ့သည့် အာဂျင်တီးနားဂျာစီ အမေရိကန် ဒေါ်လာ ၉.၂ သန်း (၂၀၂၂ ခုနှစ်တွင် ပေါင် ၇ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ရ) ပြီးနောက် ဒုတိယမြောက် တန်ဖိုးအကြီးဆုံး ဘောလုံးဂျာစီ ဖြစ်လာခဲ့သည်။
ဝယ်ယူလိုသူ ငါးဦးထက်မနည်းထံမှ အပြိုင်အဆိုင် ဈေးနှုန်း ၁၀ ကြိမ်အထိ ကမ်းလှမ်းခဲ့ပြီးနောက် ရောင်းချခဲ့ရခြင်းဖြစ်သည်။
ယင်းဂျာစီကို လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က လေလံတင်ခဲ့စဉ်တွင် အမေရိကန်ဒေါ်လာ ၁၀၅,၆၀၀ (ပေါင် ၇၀,၅၀၅) မျှသာ ရရှိခဲ့ဖူးသည်။
ပီလီသည် ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဆွီဒင်အသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် အသက် ၁၇ နှစ်အရွယ်ဖြင့် ၂ ဂိုး သွင်းယူကာ ၎င်း၏ သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားဆဲဖြစ်သည်။
လေလံပွဲကျင်းပသည့် Sotheby’s အဖွဲ့အစည်း၏ အားကစားဆိုင်ရာ မဟာဗျူဟာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ ဘရန်ဒန် ဟော့စ် (Brendan Hawkes) က ” သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားတစ်ယောက်၏ မပျောက်ပျက်နိုင်သည့် အမွေအနှစ်ကို သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။