ဟောင်ကောင်သတင်းထောက်အား တရုတ်သို့ အတင်းအကျပ် ပြန်မလွှဲရန် ထိုင်းအစိုးရကို Fortify Rights အရေးပေါ်တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။ 

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် သတင်းထောက် ကျန်ရှင်းယန် (Zhang Xinyan) အား တရုတ်နိုင်ငံသို့ အတင်းအကျပ် ပြန်လည်လွှဲပြောင်းခြင်း (Refoulement) မပြုလုပ်ရန် လူ့အခွင့်အရေး အဖွဲ့ Fortify Rights က ထိုင်းအစိုးရကို အရေးပေါ် တောင်းဆိုလိုက်သည်။

အသက် ၅၅ နှစ်အရွယ် သတင်းထောက် ကျန်ရှင်းယန်သည် တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်ကွပ်မှုကို ခံနေရသည့် ဖာလွန်ဂေါင် (Falun Gong) ကျင့်စဉ်ကို လိုက်နာသူတစ်ဦးဖြစ်သည်။ 

တရားမဝင် ဖွဲ့စည်းထားသော ဟောင်ကောင်ပြည်ပရောက်လွှတ်တော်၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ 

၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့် သတင်းစာဆရာအလုပ်တို့ကြောင့် ဟောင်ကောင်အမျိုးသား လုံခြုံရေးဥပဒေအရ “နိုင်ငံတော်အာဏာကို ဖြိုဖျက်ရန် ကြိုးပမ်းမှု” ဖြင့် ဟောင်ကောင် အာဏာပိုင်များက ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဆုကြေးငွေထုတ်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

၎င်းသည် ၂၀၁၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် တရားဝင်အသိအမှတ်ပြုထားသူ ဖြစ်သည်။

သို့ရာတွင် ပြီးခဲ့သည့် မေလ ၇ ရက်နေ့၌ ဗီဇာသက်တမ်းကုန်ဆုံးမှု၊ တရားမဝင်အလုပ်လုပ်ကိုင်မှုတို့ဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။  

သူမကို ဘန်ကောက်မြို့ရှိ ဆွန်ဖလူး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ 

ကျန်ရှင်းယန်သည် ဇူလိုင် ၈ ရက်နေ့တွင် တတိယနိုင်ငံတစ်နိုင်ငံသို့ ထွက်ခွာရန် စီစဉ်ထားသော်လည်း ထိုင်းအာဏာပိုင်များက လေဆိပ်တွင် ထွက်ခွာခွင့်မပြုဘဲ တားဆီးခဲ့သည်။ 

ထို့အပြင် ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ၎င်း၏ ရှေ့နေအဖွဲ့နှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ကိုပါ လူဝင်မှုကြီးကြပ်ရေးစခန်းက အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။

အဆိုပါ တားဆီးပိတ်ပင်မှုသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် မသွားရောက်မီ ရက်ပိုင်းအလိုတွင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ကျန်ရှင်းယန်၏ ရှေ့နေအဖွဲ့က ၎င်းထိန်းသိမ်းခံထားရသည့်နေရာကို ထုတ်ဖော်ရန်နှင့် ပြန်လည်လွှတ်ပေးရန် တရားရုံးသို့ တင်သွင်းထားသည်။ 

Fortify Rights အဖွဲ့ကလည်း ဤဖမ်းဆီးမှုအပေါ် စုံစမ်းစစ်ဆေးပေးရန်နှင့် အတင်းအကျပ် နေရပ်ပြန်ပို့ခြင်းမှ တားဆီးပေးရန် ထိုင်းလွှတ်တော် ဥပဒေရေးရာ၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးကော်မတီထံ အရေးပေါ် တိုင်ကြားစာ ပေးပို့ထားသည်။