မြဝတီကို စစ်ကော်မရှင်က နေရာပြန်ယူပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့နှင့် တင်းမာမှုဖြစ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

ထိုင်း – မြန်မာ နယ်စပ် ကရင်ပြည်၊ မြဝတီမြို့က အချက်အချာကျသည့် နေရာများမှ ကရင် နယ်ခြားစောင့်တပ် BGF အဖွဲ့ ဖယ်ပေးရပြီဟု မြို့ခံများက ပြောသည်။

မြဝတီမြို့ပေါ်ကနေ BGF တပ်ဖွဲ့၏ လုံခြုံရေး ဂိတ်စခန်းများကို စစ်ကော်မရှင်တပ်ဖွဲ့တို့က ပြန်ယူလိုက်ခြင်း ဖြစ် သည်။ 

စက်တင်ဘာ ၉ ရက်နေ့ ညကစပြီး စစ်တပ်က နေရာ ပြန်ယူလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မဲဆောက်ဘက်ခြမ်းကို ရောက်နေသည့် မြဝတီမြို့ခံတစ်ဦးက “မြဝတီမြို့တံတား အောက်ဘက်မှာ တပ်စွဲထားတဲ့ BGF ရဲ့ ဂိတ်ကို စစ်တပ်က ပြန်ယူလိုက်ပါ။ မြို့ပေါ်မှာလည်း စစ်တပ်ကပဲ ပြန်ယူလိုက်တယ်ဗျ။ အခုက ပြော နေကြတာတော့ မြို့လုံခြုံရေးကို စစ်တပ်ကပဲ ပြန်ယူမယ်ပေါ့။ BGF ရော တခြားအဖွဲ့တွေရော အကုန် နေရာ ပြန်ဖယ်ပေး အဲ့လိုမျိုးဗျ” ဟု ပြောသည်။

စစ်တပ်က စစ်တင်ဘာ ၉ ရက်နေ့ ညပိုင်းတွင် ထိုင်း – မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတား ပတ်လမ်း အောက် ရှိ BGF အဖွဲ့၏ လုံခြုံရေး ကင်းစခန်းကို ဖယ်ရှားခိုင်းပြီးနောက် စစ်ကား ၁၀ စီးခန့် ဝင်လာခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါနေရာ၌ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ လုပ်နေသည်ဟု မြို့ခံများက ပြောသည်။

အထက်ပါ မြဝတီမြို့ခံက “အခုက မြ၀တီမြို့ပေါ်မှာလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်တပ်က သွား လာခွင့် ကန့်သတ်လိုက်ပြီလို့ ကြားတယ်။ အဲ့လိုသတင်းတွေ ထွက်နေတာပေါ့ဗျာ။ အခြေအနေတွေကတော့ စောင့်ကြည့်ရအုံးမှာဗျ။ ဘယ်သွားသွား သူတို့ကို သတင်းပို့ရမယ်တဲ့။” ဟု ဆက်ပြောသည်။

ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီး၏ အစိတ်အပိုင်းအချို့နှင့် သင်္ဃန်းညီနောင်တို့ကို စစ်ကော်မရှင်တပ်က ပြန်ရပြီးနောက် မြဝတီမြို့ လုံခြုံရေးကို တိုးလိုက်ပြီးနောက် BGF တပ်ဖွဲ့ကလည်း ဂိတ်စခန်းနေရာများမှ ဖယ်ပေး လိုက်ရခြင်း ဖြစ်သည်။

ထို့အပြင် မြို့အဝင်အထွက် နေရာများ၌လည်း စစ်ဆေးရေး တင်းကြတပ်ထားသည်ဟု ဆိုသည်။

စစ်တပ်က သင်္ဃန်းညီနောင်မှ မြဝတီကို ပြန်ဝင်လာခြင်း ဖြစ်သော်လည်း ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီး ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးဟု မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။